ထိုင်းနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် လက်ရှိအချိန်ထိ ရေဘေးသင့်ခရိုင် ၂၃ ခုတွင် လူပေါင်း ၁၉ ဦး သေဆုံးခဲ့ရကြောင်း ထိုင်းအာဏာပိုင်များ၏ စက်တင်ဘာ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာနမှ စက်တင်ဘာ ၁၆ ရက် ကတည်းက စတင်ဖြစ်ပွားခဲ့သည့် အဆိုပါ ရေဘေးကြောင့် နိုင်ငံတစ်ဝန်း ခရိုင် ၄၂ ခုအထိ ရေကြီးမှုဖြစ်ခဲ့ပြီး လူပေါင်း ၁ ဒသမ ၈ သန်းခန့် ထိခိုက်ခဲ့ရသည်။
သေဆုံးရသည့် အဓိကအကြောင်းအရင်းမှာ ရေနစ်ခြင်းနှင့် လျှပ်စစ်ဓာတ်လိုက်ခြင်းတို့ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

လက်ရှိတွင် မိုးရွာသွန်းမှု နည်းပါးလာသော်လည်း ဘန်ကောက်အပါအဝင် ခရိုင် ၂၈ ခု၊ အထူးသဖြင့် ထိုင်းနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင် ရေဘေးဒဏ်ကို ဆက်လက်ခံစားနေရဆဲ ဖြစ်သည်။
လူသေဆုံးမှုအပြင် ကျန်းမာရေးစောင့်ရှောက်မှုဌာန ၃ ခု၏ လုပ်ငန်းအချို့လည်း တစ်စိတ်တစ်ပိုင်း ဆိုင်းငံ့ထားရကြောင်း သိရသည်။
ရေကြီးမှုနှင့်ပတ်သက်၍ ထိုင်းအစိုးရက ဘန်ကောက်နှင့် အနီးတဝိုက်ရှိ ခရိုင်များဖြစ်သည့် နွန်ထဘူရီ၊ ပသုမ်ဌာနီနှင့် စမုတ်ပရာခန်တို့တွင် စက်တင်ဘာ ၂၈ နှင့် ၂၉ ရက်တို့အား အထူးအစိုးရရုံးပိတ်ရက်အဖြစ် ကြေညာခဲ့သည်။
အာဏာပိုင်များအနေဖြင့် ရေကြီးနေသည့် လမ်းများအတွင်း သွားလာပါက အသက်ကယ်အင်္ကျီ သို့မဟုတ် ရေပေါ်တွင် ပေါ်နိုင်သော ပစ္စည်းများကို အသုံးပြုကြရန်နှင့် နေအိမ်များအတွင်း ရေဝင်ရောက်လာပါက အန္တရာယ်ကင်းရှင်းစေရန် လျှပ်စစ်မိန်းခလုတ်များကို ပိတ်ထားကြရန် အလေးအနက် သတိပေးနှိုးဆော်ထားသည်။
ကိုးကား-The Nation Thiland



