HomeVox Popမွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအပေါ် မွန်လူငယ်တို့၏ အမြင်

မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအပေါ် မွန်လူငယ်တို့၏ အမြင်

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာ ၉၊ ၂၀၂၆။

မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးကာလအတွင်း မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များလည်း စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရေးနှင့် စစ်ရေးအင်အားတည်ဆောက်ရေးတို့ကို လုပ်ဆောင်နေကြသည်။ သို့သော် မွန်လက်နက်ကိုင်တပ်ဖွဲ့များအကြား စုစည်းညီညွတ်မှု အားနည်းနေခြင်း၊ နိုင်ငံရေးရည်မှန်းချက်နှင့် လုပ်ဆောင်ပုံလမ်းကြောင်း ကွဲပြားနေခြင်းတို့အပြင် ခေါင်းဆောင်အချင်းချင်း ယုံကြည်မှု တည်ဆောက်နိုင်ရေးမှာလည်း စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။

မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ရှိအခြေအနေ၊ တပ်တော်တစ်ခုအဖြစ် စုစည်းနိုင်ရေးအတွက် အဟန့်အတားဖြစ်နေသည့် အကြောင်းရင်းများနှင့် ရှေ့ဆက်သွားသင့်သည့် လမ်းကြောင်းများအပေါ် မွန်လူငယ်များ၏ အမြင်များကို မေးမြန်းထားသည်။

မွန်ချမ်း(အမည်လွှဲ) ကြာအင်းဆိပ်ကြီးမှ မွန်လူငယ်တစ်ဦး

မေး ။ ။ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်အပေါ် မွန်လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်သလဲ။

ဖြေ ။ ။ မွန်တော်လှန်ရေးတပ်တွေမှာ ကိုယ့်တပ်နဲ့ကိုယ် ပိုမိုအင်အားကောင်းလာဖို့အတွက် ကြိုးပမ်းနေကြတာ တွေ့ရတယ်။ အထူးသဖြင့် AD/ MSRF မွန်သွေးတပ်တော်တို့ တပ်ဖွဲ့ကအစ တော်လှန်ရေးအတွက်အာရုံစိုက်ပြီး ကြိုးစားပြီး တိုက်ပွဲဝင်နေတာတွေ့ရတယ်။ လူငယ်အဖွဲ့အစည်းတစ်ခုခု၊ ပါတီတစ်ခုခု၊ တော်လှန်ရေးအဖွဲ့တစ်ခုခု အဆင့်ဆင့်ပေါ့ရှိတယ်။ လူငယ်အဖွဲ့အစည်းတစ်ဖွဲ့တောင်မှ တစ်ခုတည်း ဖြစ်အောင်သွားဖို့ဆိုတာ ခက်တယ်။ အများကြီး အချိန်ယူပြီး ညှိနှိုင်းရတာမျိုးရှိတယ်။ ပန်းတိုင်တစ်ခုတည်းဆိုပေမဲ့ သွားနေတဲ့ စည်းမျဉ်းဥပေဒကမတူညီတဲ့အခါ ညှိနှိုင်းဖို့အချိန်အများကြီးယူရတယ်။ တပ်ဖွဲ့တစ်ခုပေါင်းစည်းဖို့ဆိုတာမလွယ်ဘူး၊ ဌာနတစ်ခုနဲ့တစ်ခု နိုင်ငံရေးဦးဆောင်မှုအပိုင်း၊ စစ်ရေးအပိုင်းရော အခြားကဏ္ဍတွေလည်း တာဝန်ခွဲဝေဖို့ဆိုတာ အချိန်ယူရတယ်။ လက်နက်ကိုင် တော်လှန်တပ်တော်ဖြစ်ကြတဲ့အတွက် ပိုပြီးတောင်အချိန်ယူရမယ်လို့ ထင်မြင်ယူဆမိပါတယ်။

မေး ။ ။ မွန်တော်လှန်ရေးတပ်တွေ တပ်တော်တစ်ခုအနေနဲ့ မစုစည်းနိုင်သေးတာ ဘာကြောင့်လဲ၊ ဘာတွေက အဟန့်အတားဖြစ်နေသလဲလို့ မြင်သလဲ။

ဖြေ ။ ။ အကယ်လို့ပေါင်းကြရင်လည်း ခေါင်းဆောင်အချင်းချင်းအကြား ယုံကြည်မှုဘယ်လောက်အထိ ရှိနိုင်လဲဆိုတာလည်း လိုအပ်တယ်။ ပူးပေါင်းဖို့ သွားကြတဲ့အခါ အချင်းအချင်းအကြား ပုဂ္ဂိုလ်ရေးနဲ့ အတ္တဆန်တာကို ဘေးချိန်ပြီး လူမျိူးအပေါ်နဲ့ တော်လှန်ရေးအပေါ်ပဲ အာရုံစိုက်ပြီးတော့ ဘယ်လောက်အတိုင်အတာ အထိ အနစ်နာခံတာ စေတနာတွေရှိကြသလဲဆိုတာလဲ အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အနစ်နာခံမှုမရှိဘဲကိုယ့်ဘက်သူ့ဘက် တင်းခံနေရင်လည်း ပူးပေါင်းဖို့က ပိုပြီး ဝေးသထက် ဝေးသွားနိုင်တယ်။

မေး ။ ။ ရှေ့ဆက်ပြီး မွန်လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို ဘယ်လို ပုံစံမျိုး မြင်တွေ့ လိုသလဲ။

ဖြေ ။ ။ ဘယ်လိုမြင်ချင်လဲဆိုတာကျ မပူးပေါင်းခင်မှာတော့ အချင်းချင်းအကြား အချိန်ယူပြီး ညှိနှိုင်းကြရတာတွေ ပြီးတော့ တပ်တစ်ခုနဲ့တစ်ခု ဘယ်လောက်အထိ ပူးပေါင်းနိုင်တာ၊ ဖေးမနိုင်တာတွေနဲ့ အချင်းအချင်းအကြား ယုံကြည်မှုရလာမှ ပူးပေါင်းဖို့လွယ်မယ်။ သွားနေတဲ့ပန်းတိုင်က တူပေမဲ့ သွားတဲ့ပုံချင်းလမ်းကြောင်းတွေ ကွဲလွဲနေတာမျိုးရှိပေမဲ့ လူမျိုးအရေး၊ တော်လှန်ရေးလုပ်ကြတဲ့အခါမှာ ကိုယ့်ဆန္ဒ၊ ကိုယ့်အတ္တကိုတော့ ဘေးချိတ်ထားပြီး တော်လှန်ရေးအောင်မြင်ဖို့အတွက်ကိုပဲ အာရုံစိုက်ထားနိုင်ရင် အဓိကကျပါတယ်။

ချုံပြီးပြောရရင် မွန်တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီးတစ်ဖွဲ့တည်း ဖြစ်သွားရင် အင်အားအရရော၊ လူမျိုးရေးလွတ်လပ်ခွင့်အတွက် ရုန်းကန်ဖို့ကပိုပြီးတွန်းအားပေးနိုင်ပြီး ရည်မှန်းထားတဲ့ ပန်းတိုင်လဲ ပိုရောက်သွားစေမယ်လို့ ထင်မြင်မိပါတယ်။

ရေးချောင်းဖျားမှ မွန်လူငယ်တစ်ဦး

မေး ။ ။ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်အပေါ် မွန်လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်သလဲ။

ဖြေ ။ ။ လက်ရှိအချိန်မှာပေါ့နော် စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ မွန်လက်နက်ကိုင်တပ်တွေ အနေနဲ့ကတော့ ဒီထက် ပိုပြီးတော့ ကျစ်လစ်တဲ့၊ ဒီထက်ပိုပြီးတော့ စုဖွဲ့မှုအားကောင်းတဲ့ ဒီထက်ပိုပြီးတော့ စည်းစနစ်ကျကျ သွားပြီးတော့ အားနှစ်ဆထုတ်ရမယ့် အနေအထားလို့ မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ မွန်တော်လှန်ရေးတပ်တွေအနေနဲ့ကတော့ ကျနော်တို့ စစ်ရေးကဏ္ဍတွေမှာ ကြီးကြီးမားမား သိမ်းပိုက်နိုင်တာတွေ ကြီးကြီးမားမား ရန်သူကို အဟန့်အတား ဖြစ်နိုင်မယ့်အရာမျိုး လက်ရှိအချိန်ထိ စွမ်းဆောင်နိုင်ဖို့ကတော့ မရှိသေးဘူးလို့တော့ မြင်မိပါတယ်။

မေး ။ ။ မွန်တော်လှန်ရေးတပ်တွေ တပ်တော်တစ်ခုအနေနဲ့ မစုစည်းနိုင်သေးတာ ဘာကြောင့်လဲ၊ ဘာတွေက အဟန့်အတားဖြစ်နေသလဲလို့ မြင်သလဲ။

ဖြေ ။ ။ စုစည်းနိုင်တဲ့ အခြေအနေရှိခဲ့တယ်။ အခြေအနေရှိခဲ့တဲ့အခါမှာ ဘာကို အဓိက မြင်သလဲဆိုတော့ ယုံကြည်မှုပိုင်းဆိုင်ရာ တည်ဆောက်မှု နောက်တစ်ခုက တပ်တွေ တစ်ခုနဲ့တစ်ခု ပေါင်းစည်းတဲ့အခါမှာ အခြေခံဘုံသဘောတူညီချက်တွေ လိုတယ်။ နောက်တစ်ခုက ရေတိုရေရှည်ချမှတ်ရမယ့် နည်းလမ်းတွေ လိုတယ်။ ဒါတွေကို အချိန်ခဏတာအတွင်း လုံးဝတည်ဆောက်လို့မရဘူး။ အချိန်ကာလရှည်ကြာစွာ အမြဲတမ်းထိတွေ့နေရမယ်၊ အမြဲတမ်း ယုံကြည်မှုတွေ တည်ဆောက်ရင်းတဲ့ တပ်တော်တည်ဆောက်မယ့်ကိစ္စကို အချိန်ပေးပြီးတော့ အားထည့်ဖို့ လိုတယ်။ အဓိက အဟန့်အတားက ဘာလဲဆိုတော့ ယုံကြည်မှုတည်ဆောက်ရမယ့်ဟာက အဓိကဖြစ်တာပေါ့နော်၊ ယုံကြည်မှု မရှိတဲ့အခါကြရင် တပ်တွေ တစ်ခုနဲ့ တစ်ခုက ပေါင်းစည်းနိုင်ဖို့ အဟန့်အတားဖြစ်တာပေါ့။

မေး ။ ။ ရှေ့ဆက်ပြီး မွန်လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို ဘယ်လို ပုံစံမျိုး မြင်တွေ့ လိုသလဲ။

ဖြေ ။ ။ ကျနော်တို့က ဘုံရန်သူက တစ်ဦးထဲဆိုတာကျနော်တို့ သိတယ်။ ဘုံရန်သူကို သိတဲ့အခါမှာ ဘုံရန်သူတိုက်တဲ့ နည်းနာတွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မတူတဲ့ဟာမျိုးတော့ ရှိတာပေါ့လေ။ ရန်သူက ဘာကြောက်သလဲဆိုတော့ ကျနော်တို့တွေ စုစည်းညီညွတ်သွားမှာ သူက တအားကြောက်တာ၊ အဲဒီလို ကြောက်တဲ့ဟာကို ကျနော်တို့က လုပ်နိုင်တယ်ဆိုရင်တော့ ကျနော်တို့ ဒီထက်မက ပိုပြီးတော့ အောင်မြင်မှုတွေရမယ်။ ဒီထက်ပိုတဲ့ ကျနော်တို့ လိုချင်တဲ့ နယ်မြေဒေသတွေ ရလာမယ်။ ကျနော်တို့ အိမ်မက်မက်နေတဲ့အရာတွေ အမြန်ဖြစ်လာမယ်လို့ မြင်တယ်။ ဒါကြောင့် ရှေ့ဆက်ပြီးတော့ မွန်တော်လှန်ရေးတပ်တွေပေါ့နော် တစ်ခုနဲ့ တစ်ခု လက်ချိတ်ပြီးတော့ ရန်သူကြောက်တဲ့ စည်းလုံးမှု ညီညွတ်မှုကို အဓိကထားပြီးတော့ သွားစေချင်တယ်။

တလဗန်း မုဒုံမြို့နယ်မှ မွန်လူငယ်တစ်ဦး

မေး ။ ။ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်အပေါ် မွန်လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်သလဲ။

ဖြေ ။ ။ ယခုလက်ရှိမှာ မွန်တပ်အများစု ထိပ်ပိုင်းခေါင်းဆောင်တွေ အယူဝါဒ မူဝါဒကြောင့် အချင်းချင်းသံသယစိတ်တွေကြောင့် ကွဲပြဲနေတာကိုတော့ မြင်ပါတယ်။

မေး ။ ။ မွန်တော်လှန်ရေးတပ်တွေ တပ်တော်တစ်ခုအနေနဲ့ မစုစည်းနိုင်သေးတာ ဘာကြောင့်လဲ၊ ဘာတွေက အဟန့်အတားဖြစ်နေသလဲလို့ မြင်သလဲ။

ဖြေ ။ ။ တပ်တော်တစ်ခုအနေနဲ့ မစုစည်းနိုင်သေးတာက အကြောင်းများစွာရှိပါတယ်။ တပ်ဟောင်းကတော့ စုနိုင်မယ့်အခြေအနေမရှိသလို တပ်အသစ် (မြောက်ပိုင်းမဟာမိတ် နှင့် ကချင်ဒေသမှမွန်လူငယ်တပ်)တွေ အောင်မြင်သွားမှာကို စိုးရိမ်နေကြလို့ ခွဲထွက်တပ် ဘာညာလုပ်လိုက်သေးတာ အမှန်က လူငယ်အများစု တပ်သစ်တွေထဲ ပါမသွားအောင်ပါ။ မွန်ပြည်သူ နှင့် လူငယ်တွေကို ယခုအချိန်ထိ မျက်လှည့်ပြနေသေးတယ်လို့ မြင်ပါတယ်။ ရိုးသားမှု ရှိစေချင်ပါတယ်။ လာဘ်စားမှု မမျှတမှုတွေကို ရပ်တန့်စေချင်တယ်။ စီးပွါးရေး လုပ်ချင်ရင်တော်လှန်ရေးအမည်မခံတော့ပဲ အလိုက်တစ်သိ ထွက်သွားတာက အကောင်းဆုံးပါ။ တော်လှန်ရေးနယ်ပယ်ထဲကနေ ထွက်သွားပြီးရင်လည်း လူငယ်တွေကို လှမ်းပြီးကြိုးမကိုင်ပါနှင့် လို့ မေတ္တာရပ်ခံလိုပါတယ်။

မေး ။ ။ ရှေ့ဆက်ပြီး မွန်လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို ဘယ်လို ပုံစံမျိုး မြင်တွေ့ လိုသလဲ။

ဖြေ ။ ။ မွန်လူငယ်အများစုတွေက တကယ့်အဖြူထည်တွေပါ။ သူတို့လိုချင်နေတာ ကရခိုင်တပ်တော်လို ရန်သူကို တကယ်တော်လှန်ပြီး သူ့ကျွန်ဘဝမှ လွတ်မြောက်လိုပြီး မိမိတို့ရဲ့နှစ်ထောင်ချီ ဘိုးဘွားပိုင်မြေပေါ် မိမိတို့ရဲ့အချုပ်အချာအာဏာ ပြန်တည်ဖို့ပါပဲ။ တကယ့်ကို ရိုးရိုးရှင်းရှင်းသော ဆန္ဒပါ။ အောက်ခြေက ရဲဘော်တွေ လူငယ်တွေက တပ်တစ်ခုထဲဖြစ်ချင်နေကြသလို အပေါ်ကလူကြီးတွေရဲ့အချင်းချင်းဖြစ်နေတဲ့ သံသယတွေကိုလည်း အတော်လေး စိတ်မသက်မသာ ဖြစ်နေကြတာ ကြားရပါတယ် ဘာလို့လဲဆိုရင် အချိန်တွေ ကုန်ပါတယ်။ ထိုင်းက မွန်ခေါင်းဆောင်တွေက မွန်တပ်ဟောင်းက လာရင်အဆွေးနွေးမခံဘူးလို့ ကြားရပါတယ်။ အဲကြောင့် လူငယ်တွေ အချင်းချင်းလမ်းကြောင်းသစ်ကို မဖော်နိုင်ကြရင် မွန်တပ်တော်တစ်ခုထဲ ဖြစ်ဖို့က မဖြစ်နိုင်သလို ဒီသံသယဝဲဂယက်မှာပဲ လည်နေပြီး အချိန်ကုန်ပြီး မွန်ကတော့ ဆက်ပြီးနစ်မြှုပ်နေမှာပါ။

ဖြစ်နိုင်ချေတစ်ခုက မွန်တပ်အသစ်တွေ အချင်းချင်းပူးပေါင်းကြပြီး အင်အားရာချီထောင်ချီစုနိုင်ကြရင် တခြားပြည်တွင်းက မွန်ပြည်သူနှင့် လူငယ်တွေလည်း တက်ညီလက်ညီ မိမိတို့ နိုင်ရာတာဝန်ကို ထမ်းဆောင်ကြရင်တော့ မွန်တွေရဲ့လမ်းကြောင်းသစ်က ဆူးခင်းလမ်းကြားကနေ အောင်မြင်လာနိုင်ပါတယ်။ အာရက္ခတပ်တော်ကနေလည်း နည်းနာယူနိုင်မှ ပိုအောင်မြင်မှာပါ။ မာနတွေ လျော့သင့်တဲ့နေရာလျော့ပါ။ အချင်းချင်းပြိုင်နေတဲ့ အတ္တမာနက မိမိတို့လူမျိုးလွတ်မြောက်ရေး အနာဂတ် အဆုံးအဖြတ်အတွက် အသုံးမဝင်ပါ။

ဘဝတူလူမျိုးတွေ လွတ်မြောက်ပြီးကိုတွေက မြန်မာစစ်တပ်ရဲ့ သူ့ကျွန်ဘဝမှာပဲ ဆက်မှိန်းနေကြရင်တော့ ရေတိမ်မှာ နစ်ပြီးလူမျိုးပျောက်လာမှာက မြေကြီးလက်ခတ်မလွဲပါ။ မွန်တွေ စံပြုရမှာက ရခိုင်တပ်တော်ကိုပါပဲ။ မွန်လူငယ်တိုင်းက အားကြနေကြတာပါ။ အရင်ကြားနေကြစကား ငါတို့ ကတောင်ပေါ်မှာ မဟုတ် တောတောင်မှာ မဟုတ် မြေပြန့်ဆိုတော့ရန်သူက ကြည်းရေလေနဲ့ လာပစ်ရင် မခံနိုင်ဘူးဆိုတဲ့အကြောင်းပြချက်ကို ရခိုင်တပ်တော်က သက်သေပြနေတာက အဲဒီစကားအကြောင်းပြချက်က မမှန်နေဘူးဆိုတာ မြင်တွေ့နေကြရတာပါပဲ။ အချင်းချင်းညီညွှတ်စေတဲ့ အတွေးစကားလုပ်ရပ်တွေနဲ့ ရှေ့ဆက်နိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။

ထိုင်းနိုင်ငံတွင် ကျောင်းတက်နေတဲ့ မွန်လူငယ်တစ်ဦး

မေး ။ ။ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်အပေါ် မွန်လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်သလဲ။

ဖြေ ။ ။ မွန်လက်နက်ကိုတော်လှန်ရေးတပ်တွေအပေါ် မွန်လူငယ်တစ်ယောက်အနေနဲ့ ဘယ်လို မြင်သလဲဆိုရင် ကျနော်မြင်တာက အင်အားနည်းနေသေးတယ်လို့ ကျနော်မြင်တယ်ပေါ့နော်။ ဘာဖြစ်လဲဆိုတော့ ရှိပြီးသား တပ်တွေနဲ့ လှုပ်ရှားမှု အားနည်းတယ်။ တော်လှန်ရေးဖက် မပါလာတဲ့ဟာတွေ ရှိတယ်ပေါ့နော်၊ အတိုင်းအတာ တစ်ခုအထိ ခွဲထွက်ပြီးပါလာပေမယ့်လည်း အဲဒါက အကုန်လုံးကို လွှမ်းခြုံတဲ့အထိ မလုပ်နိုင်ဘူးလို့ ကျနော်မြင်တယ်။ ပြီးတော့ ၂၀၂၁ နောက်ပိုင်း ပေါ်လာတဲ့ တပ်တွေလည်း အင်အားနည်းနေသေးတယ်လို့ မြင်တယ်။ အကုန်လုံးကို မလွှမ်းခြုံနိုင်ဘူးဗျာ၊ ဥပမာ AA လိုဆိုရင် AA ပေါ်လာပြီးနောက်ပိုင်း သူတို့ရဲ့ တစ်မျိုးသားလုံးကို လွှမ်းခြုံနိုင်တဲ့ အင်အားရှိတယ်၊ အဲဒါကြောင့် သူတို့က လွှမ်းခြုံနိုင်လို့ တခြားပါတီတွေက အင်အားမှေးမိန်သွားတယ်ပေါ့နော်၊ အဲဒီသဘောဖြစ်သွားတယ်။ သူတို့က အားကောင်းလာပြီးတော့ လူမျိုးကိုယ်စားပြု ဖြစ်သွားတယ်။အဲဒီသဘောပေါ့နော်။ ဒါပေမဲ့ ကျနော်တို့မှာက AA လို ဖြစ်ဖို့က အင်အား လွှမ်းခြုံမှု မရှိသေးဘူးလို့ ကျနော်မြင်တယ်။ လက်နက်ကိုင်တပ်ကို ပြောတာနော်။ လက်နက်ကိုင်တပ်တွေက လွှမ်းခြုံမှု မရှိသေးဘူး။ မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုမှု မရှိသေးဘူး။ အားနည်းနေသေးတယ်လို့ မြင်တယ်။

မေး ။ ။ မွန်တော်လှန်ရေးတပ်တွေ တပ်တော်တစ်ခုအနေနဲ့ မစုစည်းနိုင်သေးတာ ဘာကြောင့်လဲ၊ ဘာတွေက အဟန့်အတားဖြစ်နေသလဲလို့ မြင်သလဲ။

ဖြေ ။ ။ ကျနော်အထင် သွားတဲ့ ပုံစံမတူဘူးလို့ ကျနော်မြင်တယ်။ မွန်ကို အကုန်လုံးက ကိုယ်စားပြုတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အကုန်လုံးက သွားနေတဲ့ ပုံစံမတူးဘူး။ တချို့က အမျိုးသား နိုင်ငံရေးသွားတယ်ပေါ့နော်။ တချို့ကတော့ ဖက်ဒရယ်တည်ဆောက်မယ်ပေါ့နော်၊ လမ်းကြောင်းမတူတာလို့ ပြောရမလား နည်းမတူတာလို့ပြောရမလား မတူလို့ ပေါင်းလို့ မရဘူးလို့ မြင်တယ်ပေါ့နော်၊ အဲဒါတစ်ချက်။ နောက်တစ်ချက်က အချင်းချင်း မလျော့နိုင်ကြဘူးပေါ့နော်၊ လူမျိုး၊ ပြည်နယ်ရဲ့ အကျိုးကို ရှေ့ရှုပြီးတော့ လုပ်တာထက် ကြာလာတော့ ကိုယ်ကျိုးစီးပွားလုပ်တဲ့သူတွေ များလာတယ်။ လက်နက်ကိုင်မှာပဲ ပြောပြော၊ ပါတီမှာပဲ ပြောပြော အကျိုးစီးပွားအတွက် လုပ်တာများတယ်။ ကိုယ့်ပါတီ ကိုယ့်အဖွဲ့အတွက် လုပ်တာများပြီးတော့ ပြည်သူနဲ့ ကင်းကွာပြီးတော့ ကိုယ်ကျိုးစီးပွားအတွက်ပဲ ဖြစ်သွားတဲ့အခါကြတော့ မပေါင်းစည်းနိုင်တော့ဘူးပေါ့နော်။ သူ့အဖွဲ့ ကိုယ့်အဖွဲ့ ဖြစ်သွားပြီးတော့ ပြည်သူကို မကြည့်တော့ဘူးပေါ့နော်၊ အဲဒီသဘောကြောင့် ကွဲတယ်လို့တော့ကျနော်မြင်တယ်။ ဒါပေမဲ့ အကယ်လို့ ပြည်သူအတွက်သာ လုပ်မယ်ဆိုရင် ကွဲနေလဲ ကိစ္စမရှိဘူးလို့ ကျနော်မြင်တယ်။ အဓိက ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် မဖြစ်ဖို့အတွက်ပေါ့နော်၊ ကွဲသွားရင်လည်း သူ့အပိုင်းနဲ့သူလုပ်လို့ရတဲ့ဟာတွေ ရှိတယ်ပေါ့နော်၊ အကုန်လုံး တစ်ခုထဲ ဖြစ်ရမယ်ဆိုတာလည်း မဟုတ်ဘူးပေါ့နော်။ သူ့အပိုင်းနဲ့သူ သူ့ကဏ္ဍနဲ့သူ လုပ်ရမယ်၊ ဒါပေမဲ့ ပြည်သူကိုတော့ ရှေ့ရှုရမယ်လို့ မြင်တယ်။

မေး ။ ။ ရှေ့ဆက်ပြီး မွန်လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို ဘယ်လို ပုံစံမျိုး မြင်တွေ့ လိုသလဲ။

ဖြေ ။ ။ တော်တော်များများ ပြောကြတယ်၊ မွန်မှာ စစ်သားများလာမယ်၊ အင်အားတောင့်တင်းလာမယ်လို့ ပြောကြတယ်။ အဲဒါကို တော်တော်များများ မျှော်မှန်းကြတာပေါ့နော်။ ဒါပေမဲ့ ကျနော်ကတော့ အဲဒီဟာ မရောက်ခင် ကျနော်တို့ကြားမှာ တည်ရှိပြီးသား တပ်ကလည်း လူထုကိုသစ္စာခံဖို့၊ လူထုကို အကျိုးပြုဖို့ လိုတယ်လို့ ကျနော်မြင်တယ်။ အဲဒီအခါကြမှာ ကျနော်တို့က လမ်းကြောင်းတူပြီးတော့ ရှိပြီးသားတပ်ကို စုပြီးတော့ တစုတစ်စည်းထဲ ပေါင်းလုပ်ပြီးတော့ရမယ်။ အဲဒီအခါကြရင် အခုရှိနေတဲ့ အင်အားလည်း အတိုင်းအတာတစ်ခုထိ ရှိနေမယ်ပေါ့နော်။ အသစ်ဝင်လာမယ့် အင်အားလည်း လိုသလို ရှိနေပြီးသား အင်အားကိုလည်း ကျနော်တို့အထင်သေးလို့ မရဘူးလို့ ကျနော်မြင်တယ်။ ဒါကြောင့် ရှိပြီးသားတပ်တွေ ပြည်သူအပေါ် သစ္စာခံဖို့၊ ပြည်သူအကျိုး ဆောင်ရွက်ဖို့ အဲလိုတော့ မြင်ချင်ပါတယ်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,000SubscribersSubscribe

Latest posts