မွန်ပြည်နယ် နေလှန်ဆားကြမ်းဈေးနှုန်း တစ်ပိသာ ၅၀၀ ကျပ်ဝန်းကျင်သာရှိနေပြီး ကြိုတင်ဝယ်ယူ သိုလှောင်ထားသည့် ကုန်သည်အချို့ အရှုံးပေါ်နေဟု ဆားလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
ယမန်နှစ်က ဈေးကွက်လိုအပ်ချက်အရ နေလှန်းဆားကြမ်း တစ်ပိဿာဈေး ၁,၁၀၀ ကျပ်အထိ စံချိန်တင်ဈေးတက်ခဲ့သော်လည်း ယခုနှစ်တွင် သြဂုတ်လမှစ၍ တစ်ပိသာဈေး ၅၀၀ ဝန်းကျင်၌သာ ငြိမ်နေသည်။
ထို့ကြောင့် ပြီးခဲ့သည့် နွေကတည်းက ဆားကြမ်းတစ်ပိဿာ ၅၅၀ ကျပ်ဖြင့် ကြိုတင်ဝယ်ယူသိုလှောင်ထားသည့် ကုန်သည်အချို့ တွက်ခြေမကိုက်ဟု ဆားလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ လောလောဆယ် ကုန်သည်တွေတော့ ရှုံးနေကြတာပေါ့။ သူတို့ဝယ်တုန်းက တစ်ပိသာ ၅၅၀ အခု ၅၀၀ ပဲရှိ မနှစ်ကလိုဈေးကောင်းမယ်ထင်ပြီး ကြိုပြီး သိုလှောင်ထားကြတာလေ၊ လုပ်ငန်းရှင်တွေလည်း အခြေအနေစောင့်ကြည့်နေတုန်းပဲ။ ” ဟု အထက်ပါ ဆားလုပ်ငန်းရှင်က ပြောသည်။
ဆားဈေးကောင်းမရရှိခြင်းသည် စျေးကွက်လိုအပ်ချက်အပေါ်မူတည်သည့်အပြင် လုပ်ငန်းရှင်နှင့် ကုန်သည်များကြား ဆားလက်ကျန် များပြားနေခြင်းကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။
သို့သော် ဆားလုပ်ငန်းရှင်များအတွက် လက်ရှိဈေးနှုန်းသည် အရှုံးပေါ်သည့်အခြေအနေမျိုး မဟုတ်သေးဘဲ လုပ်ငန်းလည်ပတ်ရန် အဆင်ပြေနေပြီး ဈေးနှုန်းထပ်မံကျဆင်းသွားမည်ကိုသာ စိုးရိမ်ရသည်ဟု ဆိုသည်။
ဈေးနှုန်းအမြင့်ဆုံးရရှိနိုင်သည့် စက်တင်ဘာနှင့် အောက်တိုဘာလတွင် ဆားဈေးကောင်းမရသေးသည့်အတွက်လည်း အရောင်းအဝယ်မလုပ်သေးဘဲ သိုလှောင်သိမ်းဆည်းထားဆဲဖြစ်သည်ဟု အထက်ပါ လုပ်ငန်းရှင်ကဆိုသည်။
“ဆားအသစ်မထွက်ခင် နောက်ထပ် ၂ လ ၃ လအထိတော့ ဈေးစောင့်ကြည့်ဦးမှာပါ။ ဒါပေမဲ့ ဆားအသစ်မထွက်ခင်မှာတော့ ဈေးကောင်းရရင်ရ၊ မရလဲ ထုတ်ရောင်းရတော့မှာ။ ဘာလို့လဲဆိုတော့ ဆားအသစ်တွေ ပြန်သိုလှောင်ဖို့ သိုလှောင်ရုံ နေရာလိုတာကြောင့်ပါ” ဟု သံဖြူဇရပ်မြို့နယ်မှ ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဆားဈေးကွက်အတွင်း ဈေးနှုန်းဂယက်ကြောင့် ကုန်သည်များနှင့် လုပ်ငန်းရှင်များအကြား ထိခိုက်မှုပုံစံ ကွာခြားနေကြောင်းလည်း ဆိုသည်။
မွန်ပြည်နယ် ဆားလုပ်ငန်းသည် စစ်အာဏာသိမ်းကာလနောက်ပိုင်း ကျွမ်ကျင်း လုပ်သား ရှားပါးတာ၊ စက်သုံးဆီ ဈေးနှုန်း မြင့်တက် နေတာအပြင် အထွေထွေ ကုန်ကျစရိတ်အခက်အခဲများကြောင့် လျှော့ချ လုပ်ကိုင်ခဲ့ကြသည်။
နေလှန်းဆားလုပ်ငန်းကို အောက်တိုဘာလလယ်ကစပြီး ပြင်ဆင်ကြသော်လည်း ယခုနှစ်တွင် ရာသီဥတုအခြေအနေအရ လုပ်ငန်းလည်ပတ်နိုင်ရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်းလည်း လုပ်ငန်းရှင်များကပြောသည်။




