Homeဆောင်းပါးအဖြေရှာမရသေးသည့် မွန်ပြည်နယ်၏ စက်သုံးဆီပြဿနာ

အဖြေရှာမရသေးသည့် မွန်ပြည်နယ်၏ စက်သုံးဆီပြဿနာ

-

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုသည် တစ်ကြိမ်တစ်ခါ ဖြစ်ပေါ်သည့် ပြဿနာမဟုတ်တော့ဘဲ မကြာခဏ ပြန်လည် ဖြစ်ပေါ်နေသည့် အခြေအနေတစ်ရပ် ဖြစ်လာနေသည်။ အထူးသဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အများအပြား ဆီမရရှိသဖြင့် အရောင်းပိတ်ထားရခြင်း၊ ရရှိသည့်ဆိုင်များတွင် အရောင်းကန့်သတ်ခြင်းနှင့် ဆီဝယ်ယူရန် ယာဉ်တန်းရှည်များဖြင့် စောင့်ဆိုင်းရခြင်းတို့ ထပ်မံဖြစ်ပေါ်ခဲ့ပြီး ယနေ့အထိ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည်။

စက်တင်ဘာလ ၁၆ ရက်နေ့ စက်သုံးဆီရည်ညွှန်းဈေးနှုန်းအရ မွန်ပြည်နယ်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၄,၀၅၅ ကျပ်၊ ၉၅ တစ်လီတာ ၄,၁၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၄,၇၉၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၅,၂၇၀ ကျပ်အထိ ရှိသည်။ ယခင်ရည်ညွှန်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက စက်သုံးဆီစျေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။

သို့သော် ပြဿနာမှာ ဈေးနှုန်းမြင့်တက်ခြင်းတစ်ခုတည်း မဟုတ်ပေ။ ဈေးကြီးပေးသော်လည်း ဆီကို လွယ်လင့်တကူ ဝယ်ယူ၍မရခြင်းက ပြည်သူများအတွက် ပိုမိုအခက်တွေ့စေသည်။ ဆီဆိုင်များတွင် ဆီမရှိသည့်အခါ ပြင်ပမှောင်ခိုဈေးကွက်ကို အားကိုးဝယ်ယူရပြီး၊ ပြင်ပဈေးကွက်တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၁၀,၀၀၀ ကျော်အထိ ဈေးပေါက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ဆီရှိသော်လည်း လုံလောက်မှုမရှိသည့် ပြဿနာ

လက်ရှိပြတ်လပ်မှု၏ အကြောင်းရင်းတစ်ရပ်အဖြစ် စက်သုံးဆီအရောင်းဆိုင်များ၏ ခွဲတမ်းလျှော့ချခံရခြင်းကို ဆီလုပ်ငန်းနှင့် နီးစပ်သူများက ထောက်ပြကြသည်။ လက်ရှိတွင် ဓာတ်ဆီခွဲတမ်းကို ၂၀ ရာခိုင်နှုန်းခန့်နှင့် ဒီဇယ်ခွဲတမ်းကို ၁၀ ရာခိုင်နှုန်းခန့် လျှော့ချထားသဖြင့် ဆီလိုအပ်ချက်နှင့် ရရှိနိုင်သည့်ပမာဏ မမျှတတော့ဘဲ အရောင်းဆိုင်များတွင် အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

ထို့အပြင် စက်သုံးဆီအရောင်းဆိုင်ကြီးအချို့သည် ဆီထုတ်ယူခွင့် PO မရရှိသဖြင့် ဆီကိုယ်တိုင် ထုတ်ယူ၍မရတော့ကာ ဆိုင်များသို့ ဆီဝင်ရောက်မှု မရှိခြင်းကြောင့် ပြတ်လပ်မှု ဖြစ်ပေါ်နေသည်ဟုလည်း ဆီလုပ်ငန်းနှင့် နီးစပ်သူများက ဆိုသည်။

အချို့ဆိုင်များတွင်မူ ဆီအနည်းငယ်သာ ရရှိနေသဖြင့် QR Code အသုံးပြု၍ အရောင်းကန့်သတ်ခြင်း၊ တစ်ဦးလျှင် ကျပ် ၁၀,၀၀၀ သို့မဟုတ် ကျပ် ၂၀,၀၀၀ ဖိုးခန့်သာ ရောင်းချပေးခြင်းတို့ ရှိနေသည်။

ထိုအခြေအနေသည် ယခင်က ဖြစ်ပေါ်ခဲ့သည့် ဆီပြတ်လပ်မှုများနှင့် ဆင်တူနေသည်။ ၂၀၂၆ ခုနှစ် အစောပိုင်းကလည်း မွန်ပြည်နယ်တွင် ဆီဝယ်ယူရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်းနှင့် ဝယ်ယူခွင့်ပမာဏ ကန့်သတ်ခံရခြင်းများ ဖြစ်ပေါ်ခဲ့သည်။

မွန်ပြည်နယ်မှာ ဘာကြောင့် ဆီဈေးပိုကြီးနေရသလဲ

မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းသည် အခြားတိုင်းနှင့် ပြည်နယ်များထက် မြင့်မားနေခြင်းသည် လက်ရှိပြဿနာ၏ အဓိကအချက်တစ်ခုဖြစ်သည်။

မွန်ပြည်နယ်လွှတ်တော်တွင် စက်သုံးဆီဈေးနှုန်းနှင့် ပတ်သက်၍ မေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက မော်လမြိုင်မြို့၏ ရည်ညွှန်းဈေးနှုန်းသည် ရန်ကုန်မြို့နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီနှင့် HSD အချို့တွင် တစ်လီတာလျှင် ကျပ် ၃၀၀ ဝန်းကျင်၊ HSD 500 ppm တွင် ကျပ် ၅၆၀ ဝန်းကျင်အထိ ကွာခြားနေကြောင်း ဖြေကြားထားသည်။

ကရင်ပြည်နယ် ဘားအံမြို့နှင့် နှိုင်းယှဉ်ပါကလည်း အချို့ဆီအမျိုးအစားများတွင် ကျပ် ၁၈၀ ခန့်မှ ကျပ် ၄၅၀ ခန့်အထိ ကွာခြားနေသည်။

မွန်ပြည်နယ် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးအသင်း၏ ပြောဆိုချက်အရ မွန်ပြည်နယ်အတွက် စက်သုံးဆီတင်သွင်းသည့် Importer များသည် ရန်ကုန်၊ သီလဝါဆိပ်ကမ်းရှိ Importer များကဲ့သို့ နိုင်ငံခြားငွေ ရရှိခြင်းမရှိသဖြင့် ကိုယ်ပိုင်ဒေါ်လာဖြင့် စက်သုံးဆီတင်သွင်းနေရသည်။ ထို့အပြင် သတ်မှတ်ဈေးနှုန်းဖြင့် ဒေါ်လာဝယ်ယူခွင့်မရဘဲ ပြင်ပဈေးကွက်နှုန်းနှင့် နီးစပ်သည့်ဈေးဖြင့် နိုင်ငံခြားငွေ ဝယ်ယူရခြင်းကလည်း မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်း မြင့်မားရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း သိရသည်။

ဖြန့်ဖြူးရေးစနစ်က ပြဿနာ၏ အဓိကအချက်တစ်ခုလား

မွန်ပြည်နယ်အတွက် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချခွင့်ကို Myanmar Energy King နှင့် Ya Zar Min Industry ကုမ္ပဏီတို့က တင်ဒါအောင်မြင်ထားပြီး၊ မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal မှတစ်ဆင့် ပြည်နယ်အတွင်း ဖြန့်ဖြူးနေခြင်းဖြစ်သည်။ လက်ရှိစနစ်သည် ယခင် ရန်ကုန်၊ သီလဝါဆိပ်ကမ်းမှတစ်ဆင့် စက်သုံးဆီရယူသည့်ပုံစံနှင့် ကွဲပြားနေသည်။

ပြည်နယ်အစိုးရဘက်က ပြောဆိုချက်အရ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်၊ သီလဝါဆိပ်ကမ်းမှ ဆီဖြန့်ဖြူးရာတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ကို ဦးစားပေးဖြန့်ဖြူးခဲ့ခြင်းကြောင့် မွန်ပြည်နယ်တွင် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။ ထို့အပြင် ၂၀၂၄ ခုနှစ်တွင် ဘီးလင်းမြို့နယ်ရှိ တံတားများ ပျက်စီးမှုကြောင့် ဆီဘောက်ဆာယာဉ်များ သွားလာမှုရပ်တန့်ခဲ့ပြီး ဆီပြတ်လပ်မှု ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ်ဝန်ကြီးက လွှတ်တော်တွင် ပြောကြားခဲ့သည်။

ထိုအခြေအနေများကို ကျော်လွှားရန်အတွက် ပြည်နယ်အတွင်း တိုက်ရိုက်တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးနိုင်ရေးစနစ်ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်တွင် ထိုစနစ်အတွင်း၌ပင် ဆီပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများ ထပ်မံဖြစ်ပေါ်လာနေသည်။

ထို့ကြောင့် မေးခွန်းထုတ်စရာမှာ “တင်သွင်းဖြန့်ဖြူးရေးလမ်းကြောင်းကို ပြောင်းလဲလိုက်ခြင်းက ပြတ်လပ်မှုကို အမှန်တကယ် ဖြေရှင်းပေးနိုင်ခဲ့သလား” ဆိုသည့်အချက်ပင် ဖြစ်သည်။

ဖြေရှင်းမည့်အစား အရေးယူမှုဖြင့်သာ ဖြေရှင်းနေသလား

စက်သုံးဆီပြတ်လပ်မှုနှင့် မှောင်ခိုဈေးကွက် ပေါ်ပေါက်လာချိန်တွင် အာဏာပိုင်များဘက်က စက်သုံးဆီတရားမဝင် ရောင်းချမှုနှင့် ပတ်သက်၍ စက်သုံးဆီလုပ်ငန်းရှင်အချို့ကို အရေးယူမှုများ ပြုလုပ်လာသည်။

Ya Zar Min Industry ကုမ္ပဏီပိုင်ရှင် ဦးညီညီထွေးကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ မော်လမြိုင်မြို့နယ်တရားရုံးက ၂၀၂၆ ခုနှစ် ဇူလိုင်လ ပထမအပတ်အတွင်း ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ချမှတ်ခဲ့သည်။ ထို့အပြင် စက်သုံးဆီလုပ်ငန်းရှင်အချို့ကိုလည်း တရားမဝင် ရောင်းချမှုနှင့် ပတ်သက်၍ အမှုဖွင့်အရေးယူထားသည်။

သို့သော် တရားမဝင်ရောင်းချမှုများကို အရေးယူခြင်းသည် လိုအပ်သော်လည်း ပြတ်လပ်မှု၏ အရင်းခံဖြစ်သည့် တင်သွင်းမှု၊ ခွဲတမ်း၊ သိုလှောင်မှု၊ ဖြန့်ဖြူးမှု၊ နိုင်ငံခြားငွေရရှိမှုနှင့် ဈေးနှုန်းသတ်မှတ်မှုဆိုင်ရာ အားနည်းချက်များကို တစ်ပြိုင်နက်တည်း ဖြေရှင်းခြင်းမရှိပါက မှောင်ခိုဈေးကွက်သည် ပုံစံပြောင်း၍ ပြန်လည်ပေါ်ပေါက်လာနိုင်သည်။

ပြည်သူတွေက ဘာကို ပိုခံစားနေရသလဲ

စက်သုံးဆီပြတ်လပ်မှုသည် ဆီဆိုင်တွင် ဆီဝယ်မရခြင်းတစ်ခုတည်းနှင့် မပြီးဆုံးပေ။ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာခြင်းမှတစ်ဆင့် ကုန်စည်သယ်ယူပို့ဆောင်ရေး၊ စားသောက်ကုန်ဈေးနှုန်း၊ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း၊ အငှားယာဉ်နှင့် ကုန်တင်ယာဉ်လုပ်ငန်းများအထိ တိုက်ရိုက်သက်ရောက်နိုင်သည်။

အထူးသဖြင့် ကျေးလက်ဒေသများတွင် စက်သုံးဆီသည် သယ်ယူပို့ဆောင်ရေးအတွက်သာမက ရေစုပ်စက်၊ မီးစက်၊ စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများအတွက်ပါ မရှိမဖြစ်လိုအပ်သော အခြေခံစွမ်းအင်ဖြစ်သည်။ ထို့ကြောင့် ဆီဈေးမြင့်တက်ခြင်းနှင့် ပြတ်လပ်ခြင်းသည် အခြေခံလူတန်းစားများ၏ နေ့စဉ်အသက်မွေးဝမ်းကျောင်းအပေါ် တိုက်ရိုက်ဖိအားပေးနေသည်။

ဆီတစ်လီတာကို ဈေးကြီးပေးပြီး ဝယ်ရခြင်းထက် ပိုမိုဆိုးရွားသည့်အခြေအနေမှာ ဈေးကြီးပေးသော်လည်း တရားဝင်ဈေးကွက်တွင် ဆီမရနိုင်သည့် အခြေအနေဖြစ်သည်။ ထိုအခြေအနေတွင် ပြည်သူများသည် မဖြစ်မနေ လိုအပ်သော ဆီကို ပြင်ပဈေးကွက်မှ ပိုမိုမြင့်မားသောဈေးနှုန်းဖြင့် ဝယ်ယူရခြင်း၊ သို့မဟုတ် မိမိတို့၏ ခရီးသွားလာမှုနှင့် လုပ်ငန်းလုပ်ကိုင်မှုကို လျှော့ချရခြင်းတို့ကို ရင်ဆိုင်ရသည်။

အဖြေမရှိသေးသည့် မေးခွန်းများ

မွန်ပြည်နယ်တွင် စက်သုံးဆီပြတ်လပ်မှုသည် နှစ်စဉ်လိုလို ပြန်လည်ဖြစ်ပေါ်နေသည့် ပြဿနာဖြစ်လာနေပြီဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပေါ်နေသည့် ပြတ်လပ်မှုကို ကြည့်လျှင် ဆီခွဲတမ်းလျှော့ချမှု၊ PO မရရှိမှု၊ တင်သွင်းမှုနှင့် ဖြန့်ဖြူးမှုအခက်အခဲ၊ နိုင်ငံခြားငွေရရှိမှု၊ ဈေးနှုန်းကွာဟမှုတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်ကို တွေ့ရသည်။

သို့သော် ယင်းအချက်များအနက် မည်သည့်အချက်သည် အဓိကအတားအဆီးဖြစ်နေသည်၊ ဆီတင်သွင်းခွင့်နှင့် ဖြန့်ဖြူးခွင့်ကို မည်သို့စီမံခန့်ခွဲနေသည်၊ ပြည်နယ်အတွင်း လိုအပ်ချက်နှင့် အမှန်တကယ် ဖြန့်ဖြူးပေးနေသည့် ပမာဏ မည်မျှကွာခြားနေသည်၊ ဆီခွဲတမ်းများကို မည်သည့်အခြေခံဖြင့် လျှော့ချထားသည်နှင့် စက်သုံးဆီဈေးနှုန်းကို အခြားပြည်နယ်များထက် ပိုမိုမြင့်မားစေသည့် ကုန်ကျစရိတ်များ မည်မျှရှိသည်ဆိုသည်တို့ကို ပြည်သူများ သိရှိနိုင်ရန် ပိုမိုပွင့်လင်းမြင်သာစွာ ရှင်းလင်းရန် လိုအပ်နေသည်။

ထို့အပြင် သီလဝါဆိပ်ကမ်းမှ မွန်ပြည်နယ်အတွက် စက်သုံးဆီ ပြန်လည်ဝယ်ယူခွင့်ပြုရေးကို လွှတ်တော်တွင် မေးမြန်းခဲ့သော်လည်း လတ်တလောတွင် ထိုအစီအစဉ်မရှိသေးကြောင်း ပြည်နယ်ဝန်ကြီးက ဖြေကြားထားသည်။

ထို့ကြောင့် လက်ရှိစနစ်ကို ဆက်လက်ထားရှိမည်ဆိုပါက ပြည်နယ်အတွင်း ဆီပြတ်လပ်မှု မကြာခဏပြန်ဖြစ်မလာစေရန် မည်သို့အာမခံမည်နည်းဆိုသည်မှာလည်း အရေးကြီးသည့် မေးခွန်းတစ်ခု ဖြစ်လာသည်။

စက်သုံးဆီသည် သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်သည့် ကုန်ပစ္စည်းတစ်ခုသာ မဟုတ်တော့ပေ။ ၎င်းသည် ကုန်ဈေးနှုန်း၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ပြည်သူများ၏ နေ့စဉ်အသက်မွေးဝမ်းကျောင်းတို့ကို ချိတ်ဆက်ပေးထားသည့် အခြေခံစွမ်းအင်တစ်ရပ် ဖြစ်သည်။

ထို့ကြောင့် မွန်ပြည်နယ်၏ စက်သုံးဆီပြဿနာကို ဆီဆိုင်များတွင် ဆီပြတ်ခြင်း သို့မဟုတ် ဆီဈေးမြင့်ခြင်းအဖြစ်သာ မမြင်ဘဲ တင်သွင်းမှုမှ စတင်၍ သိုလှောင်ခြင်း၊ ခွဲတမ်းချထားခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေးနှုန်းသတ်မှတ်ခြင်းနှင့် ပြည်သူများထံ ရောက်ရှိသည့်အဆင့်အထိ စနစ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီဖြစ်သည်။

အရင်းခံပြဿနာများကို မဖြေရှင်းဘဲ ပြတ်လပ်တိုင်း အရောင်းကန့်သတ်ခြင်း၊ မှောင်ခိုဈေးကွက်ကို အရေးယူခြင်းတို့ဖြင့်သာ ဖြေရှင်းနေမည်ဆိုပါက ယနေ့ဖြစ်နေသည့် ပြဿနာသည် မနက်ဖြန်တွင်လည်း ထပ်မံပေါ်ပေါက်လာနိုင်သည်။ မွန်ပြည်နယ်အတွက် လိုအပ်နေသည်မှာ ယာယီအရေးယူမှုထက် တည်ငြိမ်ပြီး ပွင့်လင်းမြင်သာသည့် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေးစနစ်တစ်ရပ် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts