မွန်ရိုးရာယဉ်ကျေးမှုကို စာသင်ခန်းအတွင်း သင်ကြားရေးအပြင် လူငယ်များ လက်တွေ့စွမ်းရည်ပြသခွင့် အစီအစဉ်များ လိုအပ်လာနေသည်ဟု မွန်ရိုးရာယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်သူများက ထောက်ပြပြောဆိုသည်။
မွန်မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းနိုင်ရန် ရည်ရွယ်ပြီး မွန်ရိုးရာယဉ်ကျေးမှုပညာရပ်ကို ဘာသာရပ်တစ်ခုအဖြစ် မွန်အမျိုးသားကောလိပ်တွင် ၂၀၂၃ ခုနှစ်မှစတင်ကာ ထည့်သွင်းသင်ကြားနေသည့်အပြင် ပြင်ပသင်တန်းများလည်း သင်ကြားပို့ချပေးခြင်းများရှိသည်။
လက်တွေ့စွမ်းရည်ပြသနိုင်မည့် အခွင့်အလမ်းများနည်းနေသဖြင့် လူငယ်များ စိတ်ပါစားမှုနည်းလာသည်ကို တွေ့ရကြောင်း ဖန်တီးပေးရန် ပိုမိုစီစဉ်ပေးသင့်သည်ဟု မွန်အမျိုးသားကောလိပ်တွင် မွန်ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်ကို သင်ကြားနေသူ ဆရာမ မိမိုးမိုးက ဆိုသည်။

“ဆရာမတို့က ဒီကောလိပ်အပြင် ပြင်ပသင်တန်းတွေလည်း မကြာခဏ ဖွင့်လှစ်သင်ကြားပေးနေတယ်။ ဒါပေမဲ့ သင်ပြီးရင် ပြီးသွားတာပဲဆိုတော့ ကလေးတွေက ဘယ်လိုစိတ်ဝင်စားမှု ရှိမလဲ။ သူတို့အတွက် လက်စွမ်းပြနိုင်တဲ့နေရာတွေ၊ အခွင့်အလမ်းတွေလည်း ဖန်တီးပေးရမယ်။ "သူမက ဆိုသည်။
ယနေ့အထိ မွန်ရိုးရာအခမ်းအနားနှင့် ပွဲလမ်းသဘင်များတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုနေသည့် ဆောင်းဘောက်အစားမ မွန်ရိုးရာအတီးအမှုတ်များကို နေရာပေးရန်လည်း တိုက်တွန်းထားသည်။
မွန်ရိုးရာယဉ်ကျေးမှုတွင် အဆို၊ အက၊ အတီးအမှုတ်၊ ရိုးရာဝတ်စုံနှင့် ဓလေ့ထုံးတမ်းများပါဝင်ပြီး ယင်းအမွေအနှစ်များကို မျိုးဆက်သစ်များ လက်ဆင့်ကမ်းနိုင်ရန် စိန်ခေါ်မှုပိုမိုကြီးလာသည့် အခြေအနေတွင် ရောက်ရှိနေကြောင်းလည်း သူမက ဆက်ပြောသည်။
“ ဒီပညာတတ်တဲ့လူ၊ သင်ကြားပေးနိုင်တဲ့လူတွေလည်း နည်းလာတယ်။ ဆရာမတို့လည်း အသက်တွေကြီးလာပြီဆိုတော့ ဒီကနေခေတ်လူငယ်တွေကို လက်ဆင့်ကမ်းနိုင်ရေးက အရေးကြီးနေပြီ။ ဒီကနေ့ခေတ်လူတွေက ဒီပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားမှ နောက်နောင်မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးနိုင်မှာ။ ” ဟု ၎င်းက ပြောသည်။
မွန်အမျိုးသားကောလိပ်တွင် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ မွန်စာပေနှင့် ယဉ်ကျေးမှုဘာသာရပ်ကို လေ့လာသင်ကြားသူ ၁၀၇ ဦးရှိပြီး ဘွဲ့ရရှိသွားသူများရှိသလို ဆက်လက်ပညာသင်ကြားနေသူများလည်း ရှိသည်။
သင်ကြားရေးအစီအစဉ်နှင့်အတူ ကိုယ်တိုင် လက်တွေ့စွမ်းရည်ပြခွင့်ရှိပါက ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းရေးအတွက် အထောက်အကူဖြစ်စေနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်၊
လက်ရှိတွင် မွန်ရိုးရာယဉ်ကျေးမှု၏ အဆို၊ အတီး၊ အက ပညာရပ်အချို့ကို သင်ကြားပေးနိုင်သည့် ပညာရှင်များ နည်းပါးလာသဖြင့် လက်တွေ့သင်ကြားမှုများ ရပ်တန့်သွားမည်ကို စိုးရိမ်နေရသည်။




