မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ် အစီးရေ ၆၀ ကျော် ဖမ်းဆီးခံရပြီးနောက် မော်လမြိုင်တွင် ထိုင်းကုန်ပစ္စည်းများ စျေးတက်သွားကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က ကျိုက်မရောမြို့နယ်၊ ကြက်သွန်ကုန်းနှင့် နတ်စမ်းကျေးရွာကြားတွင် ထိုင်းကုန်ပစ္စည်း တင်ဆောင်လာသည့် မော်တော်ယာဉ် အစီးရေ ၆၀ ကျော်ကို စစ်တပ်၊ ပျူစောထီး၊ ပြည်သူ့စစ်၊ စရဖ၊ ရဲ ပါသည့် အဖွဲ့စုံက ဖမ်းဆီးခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။
ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ ဖမ်းဆီးခံရပြီးနောက် မော်လမြိုင်ဈေးကွက်တွင် ထိုင်းစားသောက်ကုန်ပစ္စည်းများ ဈေးတက်သွားကြောင်း မြို့ခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။

“ပုဇွန်နှစ်ကောင်ဆီ တစ်လီတာတစ်ဗူးက ၅၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်အထိ ဈေးတက်သွားတယ်။ အခြားစားသောက်ကုန်တွေလည်း ဈေးလိုက်တက်ကြတယ်။ နဂိုကတည်းက ကုန်ဈေးနှုန်းတွေ တက်နေလို့ ပြည်သူတွေ ကျပ်တည်းနေကြရတဲ့အထဲ အခုလည်း ကုန်ဈေးနှုန်းတွေ ထပ်တက်တော့ စားဝတ်နေရေးက ပိုပြီး ကျပ်တည်းကြဦးမှာပါ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
ထိုင်းကုန်ပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဘက်မှ ၆ ဘီး၊ ၁၂ ဘီးကုန်တင်ယာဉ်များဖြင့် တင်ဆောင်လာပြီး ကျိုက်မရောမြို့နယ်၊ MCL ဘိလပ်မြေစက်ရုံအနီးတွင် ခေါက်တိုကားများဖြင့် ပြန်ပြောင်းပြီး မော်လမြိုင်သို့ သယ်ဆောင်ကြသည်။
မွန်ပြည်နယ်အတွင်းသို့ တင်သွင်းလာသည့် ထိုင်းကုန်စည်းများကို စစ်ကော်မရှင်စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးမှုများ ရှိနေသည့်အပြင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများက လမ်းကြောင်းများ၌ ပိတ်ဆို့ပြီး ဖမ်းဆီးခြင်း၊ ဂိုဒေါင်များ ဝင်ရောက်ဖမ်းဆီးခြင်းများလည်း ရှိနေသည်။
တစ်ဖက်တွင်လည်း စစ်ကော်မရှင်ဂိတ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းကို လမ်းကြောင်းကြေးများပေးကာ နည်းလမ်းပေါင်းစုံဖြင့် တင်သွင်းနေကြဆဲ ဖြစ်သည်။
“ဖမ်းဆီးခံခဲ့ရတဲ့ မော်တော်ယာဉ်တွေက ခေါက်တိုဆွဲတဲ့ယာဉ်တွေပါ။ နယ်စပ် ဘုရားသုံးဆူဘက်ကနေ ကုန်တင်ယာဉ်တွေနဲ့ တင်ဆောင်လာပြီးတော့ ကျိုက်မရောမြို့နယ်မှာ ခေါက်တိုကားတွေနဲ့ ပြန်ပြီး မော်လမြိုင်ကို သယ်ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံက တင်သွင်းသည့် စားသောက်ကုန်၊ ဆေးဝါး၊ ဆောက်လုပ်ရေးပစ္စည်း၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို အများစု ဝယ်ယူအသုံးပြုနေကြသည့်အတွက် ယခုလို ထိုင်းကုန်ပစ္စည်းများ ဖမ်းဆီးနေခြင်းကြောင့် စျေးနှုန်းများ မြင့်တက်လာသည့်အပြင် ကုန်ပစ္စည်းပြတ်လပ်မည်ကိုလည်း သုံးစွဲသူတို့က စိုးရိမ်နေကြသည်။




