HomeVox Popသဘာဝဘေးကြားက ကရင်နှင့် မွန်လူထုများ၏ လူမှုဘဝအကြပ်အတည်း

သဘာဝဘေးကြားက ကရင်နှင့် မွန်လူထုများ၏ လူမှုဘဝအကြပ်အတည်း

-

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆက်တိုက်မိုးကြီးပြီး ရေကြီးရေလျှံမှုများ ရက်ရှည်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ၏ ပညာရေး၊ သွားလာရေးနှင့် ဝမ်းစာရေး လုပ်ငန်းခွင်များအပြင် စိုက်ပျိုးရေးပါ စုံစုံလင်လင် အခက်အခဲကြုံတွေ့နေရသည်။

ရေကြီးမှုနောက်ဆက်တွဲအဖြစ် ကျောင်းများ ပိတ်ထားရခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ပြီး ကုန်ပစ္စည်းပြတ်လပ်ခြင်းနှင့် စိုက်ပျိုးစပါးခင်းများ ရေနှစ်မြုပ်ပျက်စီးခြင်းတို့ကြောင့် အခြေခံပြည်သူများ၏ လူမှုစီးပွားဘဝများ ရိုက်ခတ်မှုပြင်းထန်စွာ ခံနေရသည့်  ဒေသခံများ၏ စကားသံကို IMNA မှ စုစည်းထားသည်။

 ကော့ကရိတ်‌မြို့နယ်မှ ဆရာမတစ်ဦး

 ကျောင်းပိတ်ထားတာ ဆယ်ရက်လောက်ရှိပြီး။ တစ်နေ့ဆို တစ်လက်မ နှနှစ်လက်မလောက် တက်နေတာ။ ကျောင်းလည်း မြုပ်တယ်။ အိမ်သာတွေလည်းမြုပ်တော့ ကျောင်းတက်ရတာ အဆင်မပြေတော့လို့ ကျောင်းပိတ်လိုက်တာ။ ကယ်ဆယ်ရေးတွေလည်း တစ်ယောက်မှမရောက်သေးဘူး။ ရွာအနီးက ကျောင်းတွေလည်း တစ်ပတ်လောက် ပိတ်ထားရတယ်လို့ ကြားတယ်။ ကျောင်းပိတ်ထားတာ ကြာတော့ ကျောင်းပြန်ဖွင့်ရင် စာဖိသင်ရမယ်။ ကျောင်းသားတွေကိုလည်း သနားတယ်။ စာတွေမြန်မြန်သင်တာလည်းမရ။ အချို့ကျောင်းသားတွေ မြန်မြန်သင်ရင် စာမလိုက်နိုင်ကြဘူး။

ရေး ဒေသခံတစ်ဦး

ကျွန်မတို့ရွာမှာဆို ရေကြီးတုန်းက လမ်းပေါ်မှာ ရေတွေပြည့်နေတယ်လေ။ အဲတော့ ကားတွေက ရေပေါ်မှာ အရှိန်နဲ့မောင်းလာတော့ လမ်းမကြီးဘေးက ခြံစည်းရိုးတွေ ရေတိုက်လို့ ပျက်စီးခဲ့တယ်။ ကားက အရှိန်လျှော့မောင်းရင် စက်သေတယ်လေ။ လမ်းမကြီးဘေးအိမ်တွေ အများကြီးထိခိုက်တယ်။ အချို့အိမ်သစ်ဆောက်နေတဲ့သူတွေဆို သစ်သားတွေ ရေထဲမနည်းမျောသွားကြတာ။ ပြီးတော့ ရေကလည်း တက်တာမြန်တော့ ဆိုင်ကယ်အမှီ မရွှေ့လိုက်ရတဲ့ သူတွေဆို သူတို့ဆိုင်ကယ်ပျက်ကြတယ်လို့ ပြောသံကြားတယ်။ နောက်တော့ သွားရေးလားရေးလည်း အဆင်မပြေဘူး ဒီမိုးတွင်းမှာ။

မော်လမြိုင်မှ ဈေးသည်တစ်ဦး

ကျွန်မတို့က ကမ်းနားလမ်းမှာ ရောင်းရတယ်ဆိုတော့လေ မိုးကြီးလေတိုက်တဲ့ အချိန်ဆို နည်နည်းအဆင်မပြေဘူးပေါ့။ ရေကြီးတဲ့ အချိန်ဆို ဆိုင်မထွက်ဖြစ်ဘူး။ တစ်ခါတစ်လေကျရင်လည်း ကျွန်မတို့ရောင်းနေတဲ့ ငါးက ပစ္စည်းပြတ်တတ်တယ်။ ပစ္စည်းပြတ်တဲ့အချိန်ဆို မရောင်းရဘူး။ ဒီမိုးပိုင်းဆိုရင်တော့ ကုန်ပြတ်တာများတယ်။ ကုန်ပြတ်တာရယ် ဈေးကတော့ အဆမတန်တက်တာရယ်ပေါ့။ ကျွန်မတို့ သုံးနေတဲ့ငါဆိုရင် နှစ်ပတ်ရှိပြီး ပြတ်တာ။ လိုချင်တဲ့ ငါးအရွယ်အစားလည်း မရဘူး။ မိုးတွေလေတွေကြီးရင် အကင်ကို မီးသွေးနဲ့ကင်ရောင်းတာဆိုတော့ လေတအားတိုက်ရင် ငါးက ကင်လို့မရတော့ဘူး အဲ့ဒါ။ ထီးကလည်းလွင့်။ ပိတ်ရက်တွေ များမယ်ဆိုရင်တော့ ကျွန်မတို့ဘက်က နစ်နာတာပေါ့။

ကျိုက်မရောမှ လယ်သမားတစ်ဦး

ကျွန်တော်တို့ စပါးက ရေဒဏ်ခံနိုင်နေပြီး။ သူများတော့ မြုပ်ကုန်ပြီး။ ဒီနေ့ပဲ ကျွန်တော့်အကိုရဲ့ ကျီထဲက စပါးတွေလည်း ရွှေ့လိုက်ရတယ်။ ရေဝင်တာကို။ ပေါင်းတွေ ရှုံးအုံးမယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့စပါးခင်းကျတော့ ကြွက်မဝင်ရင် ရေတိုက်စားမယ် နှစ်ခုထဲက တစ်ခုခုပဲ။ တချို့ဆို ဒီနှစ်မှာ ဧကတွေ လျှော့ပြီးစိုက်တယ်။ သူတို့ပြောတာကျတော့ ဒီနှစ်ရှုံးမယ်ဆို နောက်နှစ်လယ်ရပ်တော့မယ်တဲ့။ နှစ်တိုင်း အရှုံးများလို့ စပါးတွေကိုလည်း ပြန်ရောင်းလို့မရ အိမ်မှာပဲ သောင်တင်နေတာ။ ကျွန်တော်တို့မှာ စပါးတင်း ၁၀၀ ကို ၃ သိန်း ၇ သောင်းပဲ သူတို့ဝယ်တာ။ အဲ့ကြောင့် မရောင်းဘဲနဲ့ လှောင်ထားတာ။ နောက်တော့ ဒီနှစ်စပါးလည်း ရလားမရလားတော့ မသိသေးဘူး အကုန်မြုပ်နေတယ်ဆိုတော့။

ကျိုက်မရောရေဘေး ကူညီကယ်ဆယ်နေသူတစ်ဦး

ရေက လုံးဝပြန်မကျဘဲနဲ့ ဆက်တိုက် တက်နေတဲ့အခါကျတော့ ရေမကျမချင်း‌ ရေဘေးရှောင်အတွက် ခက်ခဲတယ်ပေါ့။ ကျွန်တော်တို့ရောက်ခဲ့တဲ့ ကယ်ဆယ်ရေးသခန်းမှာတော့ ဟို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားတယ်။ စားဖို့သောက်ဖို့ကျတော့ အခုကျွန်တော်တို့ ထမင်းဟင်း အလှူရှင်မရမချင်း လှူပေးဖို့ တာဝန်ယူထားတယ်ပေါ့။ ရေတွင်းတွေလည်း  မြုပ်ကုန်ပြီးဆိုတော့ သောက်ရေသန့်လိုအပ်ချက်ရှိတယ်ပေါ့နော်။ အခု ဒီရေဘေးတွေက များတဲ့အခါကျတော့ ဘယ်လိုပြောရမလဲဆိုရင် ဘယ်သူ့ကို ကယ်ပါလို့လည်း မတိုက်တွန်းချင်ဘူး။ ရေမြုပ်တာက တခြားနေရာနဲ့ မတူဘူးလေ။ သူတို့ရဲ့နေစရာအိမ်တွေ လယ်တွေ သူတို့ရဲ့ဥစ္စာတွေအကုန်လုံးက ရေအောက်မှာ ရောက်သွားတဲ့ အခါကျတော့ လယ်ပိုင်ရှင်တွေလည်း စပါးတွေ ဆုံးရှုံးပြီး။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts