HomeVox Popမတူညီသည့် လမ်းကြောင်းများမှ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ဦးတည်နေသည့် လူငယ်များ၏စကားသံ

မတူညီသည့် လမ်းကြောင်းများမှ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ဦးတည်နေသည့် လူငယ်များ၏စကားသံ

-

စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း စစ်မှုထမ်းဥပဒေ၊ မတည်ငြိမ်မှုများနှင့် အခွင့်အရေး ဆုံးရှုံးမှုများကြောင့် မွန်ဒေသမှ လူငယ်အများအပြား ပြည်ပသို့ ထွက်ခွာနေကြရပြီး ပြည်တွင်း၌ လူသားအရင်းအမြစ် ဆုံးရှုံးမှုနှင့် ပညာရေး၊ ကျန်းမာရေး လစ်ဟင်းမှုများကို ကြီးမားစွာ ကြုံတွေ့နေကြရသည်။

တစ်ဖက်တွင်လည်း အကျဘက်သို့ ရောက်ရှိလာသည့် Identity (ကိုယ်စားပြုမှု) နှင့် အမျိုးသားရေးဆိုင်ရာ စိန်ခေါ်မှုများကို သတိပြုရင်း လွယ်ကူသည့် လမ်းကြောင်းများကို မရွေးချယ်ကြရန် လူငယ်အချင်းချင်း သတိပေး ရုန်းကန်လျှက်ရှိသည်။

မတူညီသည့် နည်းလမ်း/လမ်းကြောင်းများဖြင့် ဖောက်ထွက်ပြီး ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို တည်ဆောက်ရန် ကိုယ်ပိုင်အနာဂတ်ကို ကိုယ်တိုင် ဖန်တီးနေသည့် မွန်လူငယ်များ၏ စကားသံကို IMNA မှ စုစည်းတင်ပြလိုက်သည်။

ရပ်ရွာလူထုအခြေပြုလှုပ်ရှားမှုတွင် ပါဝင်သူ မွန်လူငယ်တစ်ဦး

ကျွန်တော်တို့ရဲ့ အခွင့်အရေးနဲ့ အနာဂတ်ကို ဒီကာလမှာ ပိတ်ပင်ခံထားတဲ့အခြေအနေတွေ ရှိပါတယ်။ လူငယ်တွေဖြစ်တာ ကြောင့် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်အရည်အချင်းနဲ့ ကိုယ်ဖြစ်စေချင်တဲ့အရာ၊ ရချင်တဲ့အရာတွေကို အကောင်အထည်ဖော်နိုင်ပါတယ်။ ဒါကတော့ လူငယ်တွေကို စိတ်ခွန်အားပေးချင်တာပါ။ အခုဆို လူငယ်တွေဟာ ကိုယ်စားပြုမှုစံနှုန်း ( Identity အပိုင်း)ဘက်ကို မေ့လျော့လာကြပြီး စွန့်ခွာ လိုက်ကြတာ၊ ပစ်ပယ်လိုက်တာတွေရှိတယ်။ ဘယ်လိုမေ့လျော့လာကြသလဲဆိုရင် တချို့က ကိုယ့်ခရီးလမ်းကို လွယ်တဲ့လမ်း၊ သက်သာတဲ့လမ်းကိုပဲ ပိုပြီး ရွေးချယ်လာကြတယ်။ identity ဆိုတာနဲ့ နိုင်ငံရေး၊ လူမျိုးရေးနဲ့ လူမှုရေးအပါအဝင် ကိုယ်စားပြုရမယ့်အရာတွေ အများကြီး ပါဝင်တယ်လို့ သိစေချင်ပါတယ်။ လွယ်တဲ့လမ်း၊ သာတဲ့လမ်းကို ရွေးချယ်ရင်း အဲဒီအရာတွေကို မေ့မသွားကြဖို့ လူငယ်တွေကို သတိပေးချင်ပါတယ်။

CSO အဖွဲ့အစည်းမှ မွန်လူငယ်တစ်ဦး

ဒီအာဏာသိမ်းကာလ (၅) နှစ်ကျော်မှာ နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး မတည်ငြိမ်မှုတွေ၊ ထုတ်ပြန် လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင်း ရုပ်ပိုင်ဆိုင်ရာ ခြိမ်းခြောက်မှု မလုံခြုံမှုတွေ၊ အလုပ်အကိုင်ရှာပါးမှုနဲ့ ပညာရေးအခွင့်အလမ်း ရပိုင်ခွင့်၊ ကာကွယ်မှုတွေစတဲ့ အခွင့်အရေးအာလုံးဆုံးရှုံနေတဲ့အပြင် လုံခြုံမှု ကင်းမဲ့တာကလည်း လူငယ်အများအပြား ကြုံတွေ့နေရတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါ၊ နောက်တစ်ခုက အနာဂတ်အတွက် သောက၊ စိတ်ဓာတ်ကျတာ၊ အလုပ်အကိုင်မရှိတဲ့အတွက် ပြည်ပသို့ ထွက်ခွာသွားကြတယ်၊ ကိုယ်ပြည်တွင်းမှာလည်း လူသားအရင်းအမြစ်များ ဆုံးရှုံးနေရတာကို တွေ့နေရတယ်။ နိုင်ငံရေးအခြေအနေကြောင့် လူငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ စိတ်ဒဏ်ရာတွေ့ ကုစားပေးနိုင်တဲ့ ပံ့ပိုးကူညီမှုတွေကို တိုးမြှင့် လုပ်ဆောင်ပေးစေချင်ပါတယ်လို့ ပြောချင်ပါတယ်။

မွန်လူငယ်အရေး ဦးဆောင်နေသူတစ်ဦး

လူငယ်တစ်ဦးအနေနဲ့ ပြောရမယ်ဆိုရင် လူငယ်တွေအနေနဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အခွင့်အရေးရရှိမှု နည်းပါးနေတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ စီးပွားရေးကဏ္ဍမှာ တော့ အခွင့်အရေးရရှိမှု ပိုများတယ်လို့ တွေ့မြင်ရပါတယ်။ နိုင်ငံရေးဘက်က ဦးဆောင်နေသူတွေနဲ့ စစ်ဘက်က ဦးဆောင်နေသူတွေပါ စီးပွားရေးကဏ္ဍကို ဆုပ်ကိုင်ထားကြတော့ အဲဒီကဏ္ဍမှာ ပါဝင်သူတွေ က အခွင့်အရေးပိုရနေကြတယ်လို့ မြင်ပါတယ်။ စီးပွားရေးအမြင်တွေ ပိုများလာတာနဲ့အမျှ နိုင်ငံရေး အမြင်၊ လူမျိုးလွတ်မြောက်ရေးနဲ့ လူမျိုးအခွင့်အရေးဆိုင်ရာ လေ့လာမှုတွေ နည်းပါးလာတယ်။ လွတ်လပ်ရေးရပြီး ကတည်းက လူငယ်တွေရဲ့အခွင့်အရေးဟာ ရသလောက်ရလာခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာ ပိုမိုဆိုးရွားလာတယ်လို့ မြင်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင် မွန်လူငယ်တစ်ဦး

လူငယ်တွေတိုင်းက တူညီတဲ့ လမ်းကို လျှောက်ဖို့မလိုပါဘူး။ တချို့က ပညာရေးနဲ့ ကိုယ့်အနာဂတ်ကို တည်ဆောက်ကြမယ်၊ တချို့က လူမှုရေးနဲ့ လူ့အခွင့်အရေးဘက်မှာ ပါဝင်ကြမယ်၊ တချို့က ကိုယ်ယုံကြည်တဲ့ နိုင်ငံရေးလမ်းကြောင်း အတိုင်း ပါဝင်ကြမယ်။ အရေးကြီးတာက ကိုယ့်ရွေးချယ်မှုကို ကိုယ်နားလည်ပြီး ကိုယ့်အခွင့်အရေးနဲ့ တခြားသူတွေရဲ့အခွင့်အရေးကိုပါ တန်ဖိုးထားဖို့ပါ။ ပြီးတော့ လက်ရှိအခြေအနေက ဘယ်လောက်ခက်ခဲ နေပါစေ ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ့်ယုံကြည်ချက်တွေကို စဉ်းစားပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ မျှော်လင့်တယ်။ ဒါမှ လူငယ်တွေ အခွင့်အရေးအပြည့်အဝရပြီး ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဆုံး ဖြတ်နိုင်တဲ့ ငြိမ်းချမ်းပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာမယ်လို့ ပြောကြားချင်တယ်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts