Homeသတင်းပဋိပက္ခဖြစ်ပွားရာဒေသတွင် MSFC မှ လိုအပ်သည့် ပြည်သူ့ဝန်ဆောင်မှုများ လုပ်ဆောင်

ပဋိပက္ခဖြစ်ပွားရာဒေသတွင် MSFC မှ လိုအပ်သည့် ပြည်သူ့ဝန်ဆောင်မှုများ လုပ်ဆောင်

-

မွန်ပြည်ဖယ်ဒရယ်ကောင်စီ MSFC မှ ပဋိပက္ခဖြစ်ပွားရာဒေသတွင် ပြည်သူများ၏ လိုအပ်ချက်နှင့် ပကတိ အခြေအနေများကိုသိရှိရန် ကွင်းဆင်းပြီး လိုအပ်သည့် ဝန်ဆောင်မှုများ လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ဒုတိယအပတ်တွင် MSFC မှ အုပ်ချုပ်ရေးကော်မတီ၊ တရားစီရင်ရေးကော်မတီမှ တာဝန်ရှိသူများ မွန်ပြည်တောင်ပိုင်းဒေသရှိ ဒေသခံအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ပြည်သူများနှင့်တွေ့ဆုံပြီး ဒေသတွင်းလိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်မြောက်ပိုင်းတွင် ဆေးရုံတစ်ရုံ၊ တောင်ပိုင်းတွင် ဆေးခန်းနှင့် Mobile medical team များဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့်အပြင်၊ စစ်ဘေးကြောင့် ထိခိုက်သူများကို စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့ခြင်း၊ ပညာရေးပြန်လည်ထူထောင်ရေး၊ တရားစီရင်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်နေသည်။

MSFC ၏ ကောင်စီဝင်မိသုတဂျော်က “မွန်မြောက်ပိုင်းမှာ ဆေးရုံဆောက်ပေးတာတို့ ဆေးခန်းဝန်ဆောင်မှု၊ Mobile clinics ဝန်ဆောင်မှုတွေ နောက် CDM များ ထူထောင်ထားတဲ့ ကျောင်းနဲ့ စစ်ဘေးရှောင် ကလေးသူငယ်များအတွက် ယာယီကျောင်းတွေ ပြုပြင်ပေးတာ၊ စာရေးကိရိယာတွေ၊ ဆရာ၊ ဆရာမ ထောက်ပံ့ပေးကြေးတွေပေးတယ်။ သူ့ဌာနနဲ့သူပေါ့နော်” ဟု၎င်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့တွင် မွန်ပြည်ဖယ်ဒရယ်ကောင်စီ MSFC မှ ကောင်စီဝင်များနှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF မှတပ်ဖွဲ့ဝင် စစ်ရေးကာလအကြား ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဟန်ချက်ညီလုပ်ဆောင်နိုင်ရေးတို့ကို တွေ့ဆုံဆွေးနွေးခဲ့သည်။

တပ်အနေဖြင့် စစ်ရေးတာဝန်များကို ဆောင်ရွက်ကြသော်လည်း တိုက်ပွဲကြောင့် ဒေသခံများ ပိတ်မိခြင်း၊ စားနပ်ရိက္ခာပြတ်လပ်ခြင်းများ ကြုံတွေ့လာလျှင် ပြည်သူ့လုံခြုံရေး၊ ဝန်ဆောင်မှုလုပ်ငန်းများကို တပ်ဖွဲ့ဘက်မှ ကူညီပေးရန် နှစ်ဖက်ညှိနှိုင်းခဲ့ကြသည်ဟု MSFC မှ မိသုတဂျော်ကဆိုသည်။

တိုက်ပွဲဖြစ်ပွားရာဒေသများတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ လူသားချင်စာနာမှုဆိုင်ရာ အကူအညီများ လုပ်ဆောင်နေရသည့်အတွက် လိုအပ်ချက်များသိရှိရန် တွေ့ဆုံရသည်ဟုဆိုသည်။

“စစ်ဖြစ်တဲ့နေရာဆို ရွာအနားမှာဆို တပ်ကပဲရှိတယ်။ early waring, early respone ဆို ကောင်စီက ချက်ချင်းမလုပ်ပေးဖြစ်ဘူး ၊ ပြည်သူ့ ဝန်ဆောင်မှုကို တပ်က ဝိုင်းဝန်းလုပ်နေရတယ်။ လူသားချင်းစာနာဌာန ကိုယ်တိုင်ကိုယ်ကျ ခက်ခဲတဲ့နေရာဆို တပ်ကို အကူအညီလှမ်းတောင်းရတယ်။ တိုက်ပွဲဖြစ်အချိန်ဆို MSRF ကိုစားနပ်ရိက္ခာပို့ဖို့ အကူအညီတောင်းရတာတွေပေါ့” ဟု၎င်းကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ချဲတိုက်ကျေးရွာတွင် လူနာ ၁၁ ဦး၊ နေအိမ်ပြိုကျပျက်စီးသည့် အိမ်ထောင်စု (၉) စုနှင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည့် အိမ်ထောင်စု (၁၁၀)စုအတွက် အိမ်ထောင်စု လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

မွန်ပြည်ဖယ်ဒရယ်ကောင်စီသည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကော်မတီ သုံးရပ်အပြင် ကာကွယ်ရေး၊ တရားစီရင်ရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာကူညီရေး၊ အမျိုးသမီးနှင့် ကလေးငယ်၊ ပြင်ပဆက်ဆံရေး၊ ဘဏ္ဍာရေးနှင့် အခွန်ကောက်ခံရေးစသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေသည်။

ပုံ-MSFC

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,100SubscribersSubscribe

Latest posts