Homeသတင်းကျိုက်မရောတွင် တစ်ပတ်ကြာလာသည့်အထိ ရေဆက်လက်မြင့်တက်နေ

ကျိုက်မရောတွင် တစ်ပတ်ကြာလာသည့်အထိ ရေဆက်လက်မြင့်တက်နေ

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာအချို့ ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး တစ်ပတ်ခန့်ကြာလာသည်အထိ ရေပြန်မကျသေးဘူးဟု ဒေသခံတို့ထံမှ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး အတ္ထရံမြစ်ရေ မြင့်တက်လာသည့်အတွက် ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး ကျိုက်မရောမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များနှင့် ချောင်းနှစ်ခွ၊ ငပြေမ၊ မယ်ကရို၊ ဦးလေး၊ နိတုံ၊ ကွမ်းငန်၊ အတ္တရံ၊ ပေါလောကုန်း၊ လှာကဇိုင်း၊ ကျိုက်မရန်၊ ကော့ကလော့၊ ပိန္နဲကုန်း အစရှိသည့် ကျေးရွာ ၂၀ ကျော်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။

ရေမြုပ်နေသည်မှာ တစ်ပတ်ခန့်ကြာလာပြီးဖြစ်ကြောင်း၊ မိုးဆက်လက်ရွာသွန်းနေသည့်အပြင် အတ္ထရံမြစ်ရေလည်း ဆက်လက်မြင့်တက်နေသည့်အတွက် ရေကျသွားခြင်းမရှိပဲ ရေဆက်တိုးနေဆဲဟု ကျိုက်မရောဒေသခံတို့က ပြောသည်။

“ရေက ဆက်ပြီး တိုးနေပါတယ်။ မြစ်နဲ့ နီးတဲ့ဘက်က အိမ်တွေဆိုရင် အပေါ်ထပ်အထိကို ရေတွေဝင်ရောက်နေပါပြီ။” ဟု ဦးလေးကျေးရွာခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် ကျိုက်မရောမြို့ပေါ်တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂ ခု ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ၄၀၀ ကျော် ရွှေ့ပြောင်းထားသည်ဟု ရေဘေးအကူအညီပေးနေသူတို့ထံမှ သိရသည်။

ရေကြီးနစ်မြုပ်နေသည့်အတွက် ကျိုက်မရောမြို့နယ်ပေါ်က စာသင်ကျောင်းများအပါအဝင် စာသင်ကျောင်းပေါင်း ၂၀ ကျော်လည်း ပိတ်ထားရသည်။

ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အလှူရှင်တို့က သောက်သုံးရေ၊ အစားအသောက်၊ ထမင်းထုပ်များ လာရောက်လှူဒါန်းပေးနေပြီး အချို့ အလှူရှင်မရောက်သည့် ကျေးရွာများလည်းရှိနေသည်ဟု သိရသည်။

ရေကြီးနစ်မြုပ်သည့်ရက်ကြာလာသည့်အတွက် သောက်သုံးရေ၊ အစားအသောက်နှင့် ဆေးဝါးလိုအပ်ချက်များ ရှိလာသည်ဟုလည်း ဒေသခံတို့က ပြောသည်။

“အဓိက လိုအပ်တာက သောက်ရေဖြစ်တယ်။ တရွာလုံး ရေမြုပ်နေတော့ သောက်ဖို့ရေ မရှိဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေ အလှူရှင်တွေကနေ သောက်ရေ၊ အစားအသောက်၊ ထမင်းထုပ်တွေ လာလှူပေးနေပါတယ်” ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်၊ ဘီးလင်း၊ သံဖြူဇရပ်၊ ကျိုက်ထို၊ ချောင်းဆုံ၊ မုဒုံ၊ ကျိုက်မရော၊ ရေးမြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာများ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

လက်ရှိတွင် မွန်ပြည်နယ်နေရာအများစုက ရေပြန်ကျသွားသော်လည်း ကျိုက်မရောမြို့နယ်အတွင်း ရေပြန်မကျပဲ ရေနေ့စဉ်တိုးလာနေသည့်အနေအထားရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts