ထိုင်းနိုင်ငံ၏ တော်ဝင်အစိုးရပြန်တမ်းတွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားသားများအား အမြန်ဆုံး ပြည်နှင်ဒဏ်ပေးရေး နည်းဥပဒေအသစ်သည် ဩဂုတ်လ (၂၈) ရက်နေ့မှစတင်ကာ တရားဝင် အာဏာသက်ရောက်လာပြီ ဖြစ်သည်။

ယင်းအမိန့်သစ်သည် လူမှုကွန်ရက်ပေါ်တွင် သတင်းထွက်ပေါ်နေသကဲ့သို့ တရားဝင်နေထိုင်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ချက်ချင်းပြန်နှင်ထုတ်ရန် မဟုတ်ဘဲ၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများ၊ ဗီဇာသက်တမ်းလွန်သူများ၊ စာရွက်စာတမ်းအတု သုံးစွဲသူများနှင့် ပြစ်မှုကျူးလွန်ထားသူများကို အဓိကထား အရေးယူရန် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။
စည်းမျဉ်းသစ်အရ ထိုင်းနိုင်ငံအတွင်း ဥပဒေမဲ့ လှုပ်ရှားဆောင်ရွက်နေသည့် နိုင်ငံခြားသားများကို ပြည်ထဲရေးဝန်ကြီး၏ လုပ်ပိုင်ခွင့်ဖြင့် အမြန်ဆုံး ပြည်နှင်ထုတ်နိုင်ရန်ဖြစ်သည်။
ထောင်ဒဏ်ကျခံနေရသူများအတွက်လည်း လွတ်ရက်မစေ့မီ ရက်ပေါင်း (၅၀) အလိုကတည်းက စတင်ပြင်ဆင်၍ လွတ်မြောက်သည်နှင့် ချက်ချင်း ပြည်နှင်ထုတ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်သည်။
သို့သော် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိပါက အသက်အန္တရာယ် သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခံရနိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ရမှုများရှိပါက တတိယနိုင်ငံသို့ လွှဲပြောင်းပေးနိုင်ရန် ရက်ပေါင်း (၃၀) အတွင်း လျှောက်ထားနိုင်သည့် ခြွင်းချက်ကိုလည်း ထည့်သွင်းထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် စိုးရိမ်ထိတ်လန့်ရန် မလိုသော်လည်း မိမိ၏ Passport၊ CI နှင့် Work Permit ကဲ့သို့သော အထောက်အထားများကို သက်တမ်းမလွန်စေရန် ပုံမှန်စစ်ဆေးခြင်း၊ တရားဝင် လမ်းကြောင်းမှသာ ဆောင်ရွက်ခြင်းနှင့် ထိုင်းနိုင်ငံ၏ ဥပဒေများကို တိကျစွာ လိုက်နာခြင်းဖြင့် မိမိကိုယ်ကို ဘေးကင်းအောင် ကြိုတင်ပြင်ဆင် နေထိုင်ကြရန် အသိပေးထားသည်။




