Homeသတင်းလမိုင်းမြို့မှ လုယက်ခံရသည့်ကားကို မြို့အနီးတွင် ပြန်လည်တွေ့ရှိ

လမိုင်းမြို့မှ လုယက်ခံရသည့်ကားကို မြို့အနီးတွင် ပြန်လည်တွေ့ရှိ

-

မွန်ပြည်နယ်၊ လမိုင်းမြို့၊ ဘူတာရပ်ကွက်တွင် ယမန်နေ့ သြဂုတ် ၂၅ ရက်နေ့က ပစ္စတိုသေနတ်ပြ၍ လုယက်မောင်းနှင်သွားသည့်ကားကို ညနေ ၅ နာရီဝန်းကျင်တွင် လမိုင်းမြို့အနီးရှိ ရာဘာခြံတစ်ခုအတွင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

သောင်ပြင်ရွာနှင့် လမိုင်းမြို့ကြားရှိ ရာဘာခြံတစ်ခုတွင် ကားကို သော့ခတ်လျှက် ထားရှိထားပြီး ဒေသခံ အမျိုးသားတစ်ဦးက ၎င်း၏ရာဘာခြံသို့ သွားရောက်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကားအတွင်းပိုင်းကို မွှေနှောက်ထားသည့် အနေအထားအပြင် ကားမှန်လည်း ပျက်စီးနေသည်ကို တွေ့ရှိရကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ကားကို သောင်ပြင်ဒေသခံတစ်ဦးက သူ့ခြံသွားရင်းနဲ့ တွေ့တာ။ ကားကို မွှေထားတယ်။ သူသွားစရာလမ်းမရှိလို့ ထားခဲ့တာလား၊ ဖွက်ထားတာလားတော့ သေချာမသိဘူး။ ကားမှန်ကတော့ ပျက်နေတယ်၊ ကျန်တာအကုန်ကောင်းတယ်” ဟု သူက ဆိုသည်။

ယမန်နေ့က လုယက်ခံရမှုဖြစ်ပြီးနောက် ကာယကံရှင်ဘက်မှ မော့ကနင်၊ လမိုင်းနှင့် အခြားနေရာများတွင် ကားရောက်ရှိနေသည် တွေ့ရှိသူများ၏ လိုက်လံသတင်းပေးချက်များအရ နေရာအနှံ့ လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကားကို ပြန်လည်တွေ့ရှိထားပြီဖြစ်သော်လည်း သေနတ်ပြ လုယူမောင်နှင်သွားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ဖမ်းနိုင်ခြင်းမရှိသေးပေ။

“  လူကတော့ မမိသေးဘူး။ မွန်ပဲဖြစ်ဖို့များမယ် သူပြောတဲ့စကားက ဝဲနေတယ်။ ကျမတို့ဘက်နဲ့ တခြားဘက်က စကားပြောပုံမတူဘူးဆိုတော့ နည်းနည်းတော့ရိပ်မိနေတယ်။ ” ဟု အထက်ပါနီးစပ်သူက ပြောသည်။

 Ford EcoSport အမဲရောင်ဖြစ် ယာဉ်အမှတ် 1R/7598 ကို ယမန်နေ့က ဆိုင်ကယ်မောင်းနှင်လာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက နေအိမ်ရှေ့တွင် ရပ်ထားသည့်ကားကို ဝင်တိုက်ပြီး ပစ္စတိုသေနတ်ပြ၍ ကားပေါ်မှ ဆင်းခိုင်းကာ လုယူမောင်းနှင်ထွက်ပြေးသွားခဲ့သည်။

လမိုင်းမြို့တွင် ရွှေဆိုင်များမှ ရွှေထည်များနှင့် ယာဉ်များ မကြာခဏ လုယက်ခံနေရသော်လည်း ကျူးလွန်သူများကို ထိရောက်စွာ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts