Homeသတင်းဘုရားသုံးဆူမြို့သို့ ပြေးဆွဲနေသည့် ယာဉ်များ ယာယီရပ်နားထား

ဘုရားသုံးဆူမြို့သို့ ပြေးဆွဲနေသည့် ယာဉ်များ ယာယီရပ်နားထား

-

မုဒုံ- အဘစ်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းမှ ဘုရားသုံးဆူမြို့သို့ သွားလာနေသည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ ဇမိမြစ်ရေ ကျဆင်းခြင်းမရှိသေးသဖြင့် ယာဉ်ပြေးဆွဲမှု ယာယီရပ်နားထားရကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်း၍ တောင်ကျရေးမျာကြောင့် ဇမိမြစ်ရေလျှံကာ ရေစီးသန်နေဆဲပြီး ကူတိုးဆိပ်ကမ်း၊ ရေလဲ၊ ဓနုံး၊ ဝေသာလီနှင့် ဗေဒါကြီးဆိပ်ကမ်းများမှ ဖောင်ဖြင့် ဖြတ်သန်းသွားလာ၍ မရသေးဟု ဆိုသည်။

ခရီးသည်များကို မုဒုံ-လှိုင်ကနီလမ်းပိုင်းမှတစ်ဆင့် လှေဖြင့် အဆင့်ဆင့်ပို့ဆောင်ကာ သွားလာသူများ ရှိသော်လည်း ညအိပ် ညနေခရီးဖြစ်နေသည်ဟု မုဒုံမြို့မှ ယာဉ်မောင်းတစ်ဦးကပြောသည်။

“ ဘယ်လမ်းပိုင်းမှသွားလာလို့ မလွယ်ဘူး၊ ဖောင်ကမကူးပေးဘူး။ ရေစီးသန်လို့ လောလောဆယ်နားထားရမယ် သုံးလေးရက် လောက် ကြာအုံးမယ်ထင်တယ်။ မုဒုံကနေ စီးလို့ရသလောက်စီးလာပြီး လှေနဲ့အဆင့်ဆင့် သွားတာပေါ့နော်၊ လှိုင်ကနီမှာကားတွေ သောင်တင်နေဆဲ ပစ္စည်းနဲ့ကား အဲ့မှာထားပြီး လူကလှေနဲ့ ပေးဖြတ်တယ်။” ဟု၎င်းကပြောသည်။

သြဂုတ် ၂၀ ရက်နေ့မှစ၍ လှိုင်ကနီနှင့် တောင်ပေါက်အကြားတွင် ကုန်ပစ္စည်းတင်ဆောင်ထားသည့်ယာဉ်များ လမ်းရေကြီးမှုကြောင့် ယာဉ်အစီးရေ ၂၀ ထက်မနည်း ပိတ်မိနေကြောင်းလည်း သိရသည်။

လမ်းခရီးကြန့်ကြာသည့်အပြင် အဆင့်ဆင့် လိုက်ပါစီနင်းရသည့်အတွက် ခရီးစရိတ်အကုန်အကျ များနေကြောင်း ခရီးသည်တစ်ဦးက ဆိုသည်။

“လှိုင်ကနီကနေ တောင်ပေါက်အထိကို လှေစီးခက တစ်ယောက်ကို ၈၀၀၀ ကျပ် တောင်ပေါက်ကနေ ကားခ နှစ်သိန်းပေါ့ ပြန်ငှားရတယ်။ ထီးပတ်လည်ရောက်တယ် အဲ့ကနေ ရေလဲအထိ တစ်ယောက်တစ်သောင်းပေါ့။ ပစ္စည်းကတော့ လှေနဲ့တင်ဖို့မလွယ်လို့ တင်လို့မရသေးဘူး၊ ဘုရားသုံးဆူမှာလည်း ပစ္စည်းတင်နေတယ်။ ” ဟု ၎င်းကပြောသည်။

လတ်တလော ထိုင်းကုန်ပစ္စည်းများ တင်သွင်းခြင်း ရပ်နားထားရပြီး၊ ကျိုက်မရော စံပယ်ဂူလမ်းပိုင်းဘက်တွင်လည်း စစ်ဆေးတင်းကြပ်သဖြင့် ခရီးသည်များနှင့် ကုန်တင်ယာဉ်များလည်း သွားလာနိုင်ခြင်း မရှိသေးဟု ဆိုသည်။

ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု ရပ်နားနေခြင်းကြောင့် ဘုရားသုံးဆူဘက်သို့ ကုန်ပစ္စည်းစီးဆင်းမှု ပုံမှန်မရှိတော့ဘဲ လက်ကျန်ကုန်ပစ္စည်းအချို့ ဈေးနှုန်းမြင့်တက်လာနိုင်သည့်အပြင် ကုန်ပစ္စည်းပြတ်လပ်သည့် အခြေအနေ ဖြစ်ပေါ်လာနိုင်သည်ဟု ကားသမားတို့ကပြောသည်။

မုဒုံ- အဘစ်- ဘုရားသုံးဆူလမ်းပိုင်းတွင် ရာနှင့်ချီသည့် ခရီသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ နေ့စဉ်ဖြတ်သန်းသွားလာနေကြပြီး မိုးတွင်းကာလတွင် ကားလမ်းများပျက်စီးကာ သွားလာရေးပြဿနာနှင့် နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts