Home သတင်း ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာနေ အဖိုးအဖွားနှစ်ဦး နေအိမ်အတွင်း အသတ်ခံရ

ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာနေ အဖိုးအဖွားနှစ်ဦး နေအိမ်အတွင်း အသတ်ခံရ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာနေ သက်ကြီးအဖိုးအဖွားနှစ်ဦး နေအိမ်အတွင်း အသတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ညောင်လမ်းကျေးရွာ ရပ်ကွက် (၇) အဖိုးအဖွားနှစ်ဦးတည်း နေထိုင်သည့် နေအိမ် ပိတ်ထားသည့်အတွက် ပတ်ဝန်းကျင် အိမ်နီးချင်းများက သွားရောက်ကြည့်ရှုကြရာမှ နှစ်ဦးလုံး အသတ်ခံထားရသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အသက် ၇၆ နှစ်အရွယ်ရှိ အဖိုး၏ ရုပ်အလောင်းကို နေအိမ် အိပ်ခန်းအတွင်း ဦးခေါင်းညာဘက် ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ ညာဘက်မေးရိုး ပြတ်ရှဒဏ်ရာ တစ်ချက်တွေ့ရှိရသည်ဟု ဆိုသည်။

အလားတူ အဖွား၏ ရုပ်အလောင်းကိုလည်း လည်ပင်းရှေ့ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် နေအိမ်ရှေ့ခန်း ဘုရားစင်အရှေ့တွင် သေဆုံးနေသည်ကို တွေ့ရှိရသည်။

စစ်ဆေးမှုအရ အဖွား၏ နားကပ် ပျောက်ဆုံးနေသည့်အပြင် အိမ်ကိုလည်း မွှေနှောက်ထားသည့်အနေအထား တွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

“အဖွား နားကပ်တစ်ရံပါသွားတယ်။ အိမ်ကိုလည်း မွှေသွားတယ်။ ဖြစ်တာက ညနက်ပိုင်းလောက်ကတည်းက ဖြစ်နိုင်တယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ညောင်လမ်းကျေးရွာတွင် နေအိမ်ခြံဝင်းများကျယ်ကျယ်ဖြင့် နေထိုင်ကြသည့်အတွက် တစ်အိမ်နှင့် တစ်အိမ် အလှမ်းဝေးကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရဿည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ချောင်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၀၂ အရ အမှုဖွင့် အရေးယူထားပြီး ကျူးလွန်သူများ ဖမ်းဆီးရမိနိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Enable Notifications OK No thanks