Homeသတင်းစစ်မှုထမ်းကြေးနှင့် မီတာခ တိုးမြှင့်ကောက်ခံနေသည့်အပေါ် ခရားအတွင်းရွာခံများ အုပ်ချုပ်ရေးမှုးရုံးရှေ့ ဆန္ဒပြ

စစ်မှုထမ်းကြေးနှင့် မီတာခ တိုးမြှင့်ကောက်ခံနေသည့်အပေါ် ခရားအတွင်းရွာခံများ အုပ်ချုပ်ရေးမှုးရုံးရှေ့ ဆန္ဒပြ

-

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခရားအတွင်းရွာတွင် စစ်မှုထမ်းကြေးနှင့် မီတာခဈေးနှုန်း တိုးမြှင့်ကောက်ခံနေသည့်အပေါ် ယမန်နေ့ သြဂုတ်လ ၁၉ ရက်နေ့က ဒေသခံရာနှင့်ချီတို့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ခရားအတွင်းရွာတွင် ပြီးခဲ့သည့် ဇူလိုင်လက အသစ်ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှုးမှ စစ်မှုထမ်းကြေး တစ်လ ၁၅၀၀၀ ကျပ် မဖြစ်မနေပေးဆောင်ရန် သတ်မှတ်ထားသည့်အပြင် မီတာခကိုလည်း သုံးစွဲသည့် ပမာဏအတိုင်းမဟုတ်ဘဲ ငွေကျပ်သိန်းဂဏန်းအထိ ကောက်ခံနေသည်။

ထို့ကြောင့် ရွာခံအမျိုးသား၊ အမျိုးသမီးများ ပါဝင်သည့် လူဦးရေ ၂၀၀ ဝန်းကျင်တို့ သြဂုတ် ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အုပ်ချုပ်ရေးမှူးရုံးရှေ့ စုရုံးရောက်ရှိလာပြီး စစ်မှုထမ်းကြေးကိစ္စ ပွင့်လင်းမြင်သာမှုရှိရေးနှင့် မီတာခတိုးမြှင့်ကောက်ခံမှု အလိုမရှိဟု နာရီဝက်ကြာ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့သည်။

ရွာခံတစ်ဦးက “ ခရားမှာ အုပ်ချုပ်ရေးမှူးရုံကို သွားပြီး ဆန္ဒသွားပြကြတာ။ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပြီးတော့ စစ်မှုထမ်းကြေး ပိုကောက်လာတာရယ်၊ မီတာခကို အတိုင်းထက်အလွန် ကောက်ခံလာတာရယ်ပေါ့။ အရင်အုပ်ချုပ်ရေးမှူးထက် ၂ ဆ ပိုကောက်လာတယ်။ ဘာလို့ ဒီလိုလုပ်တာလဲဆိုတာကို ရှင်းလင်းပေးဖို့ ရွာသားတွေက တောင်းဆိုတယ်။ ” ဟု ၎င်းက ပြောသည်။

ဆန္ဒပြမှုပြီးဆုံးသည်အထိ ရုံးအတွင်းရှိ အုပ်ချုပ်ရေးမှုးနှင့် ရုံးအဖွဲ့များ အပြင်ထွက်လာခြင်းမရှိဟုလည်း ဆက်ပြောသည်။

ယခင် အုပ်ချုပ်ရေးမှုးဟောင်း အုပ်ချုပ်စဉ်က ခရားအတွင်းရွာတွင် စစ်မှုထမ်းကြေးကို သုံးလေးလမှ တစ်ကြိမ်သာပေးဆောင်ရပြီး မဖြစ်မနေ ပေးဆောင်ရန် သတ်မှတ်ထားခြင်းမရှိဟုလည်း သိရသည်။

လက်ရှိ သတ်မှတ်ထားသည့် စစ်မှုထမ်းကြေးနှင့် ကောက်ခံသည့် မီတာခအတိုင်း မပေးဆောင်သူများ ခြိမ်းခြောက်ပြောဆိုခံနေရကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူရွာခံတစ်ဦးက ဆိုသည်။

“ မပေးဘူးဆိုလည်း ရတယ်ပေါ့။ ဒါပေမဲ့ မပေးရင် တပ်ကိုခေါ်လာပြီး ရွာသားတွေကို ခြိမ်းခြောက်တယ်။ ဘာစာရင်းဇယားမှလည်း မရှင်းလင်းနိုင်ဘူး။ ဒီလိုအုပ်ချုပ်ရေးမှူးကို အလိုမရှိဘူး။ ” ဟု သူက ပြောသည်။

ဆန္ဒပြမှု ဖြစ်ပွားပြီးနောက် ဘားအံမြို့နယ် မီးလင်းရေးကော်မတီမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး မီတာခကိစ္စကို လာမည့် သြဂုတ်လ ၂၅ ရက်နေ့တွင် ရှင်းလင်းသွားမည်ဖြစ်ပြီး ကျန်ကိစ္စများကို အုပ်ချုပ်ရေးတာဝန်ရှိသူများက ရှင်လင်းပေးသွားမည်ဟု ဒေသခံများအား ပြောဆိုထားသည်။

သို့သော် ဆန္ဒပြသူများနှင့် အုပ်ချုပ်ရေးမှူးအကြား ပဋိပက္ခမဖြစ်အောင် ပြောဆိုခြင်းသာဖြစ်သည်ဟု ဒေသခံများက ယုံကြည်ပြီး အမှန်တကယ်ရှင်းလင်းပေးခြင်းရှိမရှိ ဆက်လက်စောင့်ကြည့်နေကြသည်။

စစ်မှုထမ်းဥပဒေ စတင်ပြဌာန်းသည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ စ၍ မွန်နှင့်ကရင် ပြည်နယ်အတွင်းရှိ အုပ်ချုပ်ရေးမှုးများထံ ဒေသခံများ စစ်မှုထမ်းကြေး စတင်ပေးဆောင်လာရပြီး ငွေကြေးအသုံးပြုမှုအပေါ် ပွင့်လင်းမြင်သာမှုမရှိသဖြင့် ဒေသခံနှင့် အုပ်ချုပ်ရေးမှုးကြား ပဋိပက္ခ မကြာခဏ ဖြစ်ပွားနေသည်။

စစ်မှုထမ်းကြေး ပေးဆောင်ရန်အတွက် စီးပွားရေးအကျပ်အတည်းတွေကြားမှ ဒေသခံများ ငွေချေးငှားပေးဆောင်ရပြီး ငွေမထည့်နိုင်ကြသူများကို လာရောက် ခြိမ်းခြောက်မှုများလည်း ဆက်တိုက်ရှိလာသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts