မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဇီးပြောင်းကျေးရွာတွင် ဘောလုံးပွဲပြုလုပ်နေသည့် ရွာဦးဘောလုံးကွင်းအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ၅ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး၊ ၁၁ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဇီးပြောင်းကျေးရွာ၊ ရွာဦးဘောလုံးကွင်းထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ ခြင်းဖြစ်သည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကြောင့် အသက် ၅ နှစ်အရွယ် KG တန်း ကျောင်းသား ကလေးငယ် ၁ ဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး၊ ကလေးအပါအဝင် အရပ်သား ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မိုးရာသီ ဘောလုံးပြိုင်ပွဲ ကျင်းပနေတဲ့အချိန်မှာ ပရိသတ်တွေရှိနေကြတဲ့ ကွင်းဘေးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာပါ။ သိမ်ဇရပ်က လူတချို့လည်း ထိခိုက်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများထဲက ၄ ဦးသည် ဒဏ်ရာပြင်းထန်သည့်အတွက် အခြေအနေ စိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။
ပြင်းထန်ဒဏ်ရာရရှိသူ ၄ ဦးအား ပဲခူးပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် လွှဲပြောင်း ပို့ဆောင်ထားကြောင်းနှင့် အခြားထိခိုက်ဒဏ်ရာရရှိသူများအား သိမ်ဇရပ် တိုက်နယ်ဆေးရုံ၌ပင် ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။
ဇီးပြောင်းရွာသည် ကရင်အမျိုးသားအစည်းအရုံး KNU၊ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေထဲရှိ ကျေးရွာဖြစ်ပြီး စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု မကြာခဏပြုလုပ်နေသည်ဟုလည်း ဆိုသည်။




