Homeသတင်းစစ်ကြောင်းထိုးပြီး မီးရှို့ဖမ်းဆီးမှုများကြောင့် သရက်ချောင်းတွင် စစ်ရှောင်သူဦးရေ မြင့်တက်

စစ်ကြောင်းထိုးပြီး မီးရှို့ဖမ်းဆီးမှုများကြောင့် သရက်ချောင်းတွင် စစ်ရှောင်သူဦးရေ မြင့်တက်

-

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်တပ်အဖွဲ့မှ အင်အား ရာနှင့်ချီသုံးပြီး စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၈ ရွာ‌ကျော်မှ ဒေသခံပြည်သူ ၁၅၀၀ ကျော်တို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်နေရကြောင်း စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။

စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့သည်  ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်မှစတင်ကာ အင်အားရာနှင့်ချီသုံး၍ သရက်ချောင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်းနှင့် ပဒတ်ချောင်းစသည့် ကျေးရွာများသို့ ဖြန့်ကျက်ဝင်ရောက်လာသည်။

ကျေးရွာအတွင်း ဝင်ရောက်စဉ် ဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှိုးခြင်း ပြုလုပ်နေသည့်အတွက် နေရပ်စွန့်ခွာသူ ပိုများလာနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ဆိုသည်။

“ ကြိုရှောင်တာလဲရှိတယ် မနေရဲကြဘူး။ အရေအတွက်က အတိအကျပြောလို့မရနေဘူး။ ‌စစ်ရှောင်က တိုးလာတာပဲရှိတယ် အများသိတဲ့အတိုင်းပဲလေ သူတို့စစ်ကြောင်းထိုးရင် ဒေသခံတွေကို ဖမ်းမယ် သတ်ဖြတ်မယ်။ အဲ့ကြောင့် မနေရဲကြတာ။ ” ဟု စစ်ရှောင်အရေးကူညီနေသူ တစ်ဦးက ပြောသည်။

စစ်ရှောင်စခန်း သတ်သတ်မှတ်မှတ်မရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသူများသည် နီးစပ်ရာ တောတောင်တွင် နေနေကြရကြောင်း သူကပြောသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများသည် မိုးရာသီကာလဖြစ်သဖြင့် ‌အမိုးအကာလုံလောက်မှုမရှိခြင်း၊ အခြေခံစားနပ်ရိက္ခာများ လိုအပ်ခြင်း၊ နေရာထိုင်ခင်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း အထက်ပါ စစ်ရှောင်အရေးကူညီနေသူက ဆက်ပြောသည်။

“  မိုးကာတွေလဲမလောက် မိုးကလဲ ကြီးနေတော့ သွားလာဖို့ အရမ်းခက်ခဲကြတယ်။ စားနိပ်ရိပ်က္ခာတွေလဲ လိုအပ်တယ်၊ တော်လှန်ရေးတပ်အဖွဲ့ဘက်ကလဲ သူတို့တက်နိုင်သလောက်တော့ ကူညီနေတာရှိတယ်၊ လောလောဆယ်စစ်ရှောင်တွမှာ ဝမ်းပျက်တာ‌၊ ဖျားနားတာတွေမရှိ‌ပေမဲ့ မိုးတွင်းဖြစ်နေတော့ ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်နေရတယ်။ ” ဟု ၎င်းက ပြောသည်။

၎င်းအပြင် စစ်ရှောင်ပြည်သူများအကြား ဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းနှင့် အရေပြားရောဂါဝေဒနာ ခံစားရမှုများ မရှိသော်လည်း မိုးတွင်းကာလဖြစ်သည့်အတွက် တောတောင်များထဲ၌ ရက်ရှည်ပုန်းအောင်းနေရသဖြင့် ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေရကြောင်း သိရသည်။

ယမန်နေ့ဩဂုတ်လ ၁၈ ရက် မွန်းလွဲပိုင်းတွင်လည်း ပဒတ်ချောင်းကျေးရွာအနီးတွင် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ရုရှားနှင့် ပူးပေါင်းအကောင်အထည်ဖော်ရန် သဘောတူထားသည့် ထားဝယ်၊ အထူးစီးပွားရေးဇုန်ကို နယ်မြေရှင်းလင်းမည်ဟု စစ်အာဏာရှင်တပ် ဒုခေါင်းဆောင် ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ဇွန်လနှောင်းပိုင်း တိုင်းခရီးစဉ်အတွင်း ပြောဆိုပြီးနောက် စစ်ကြောင်း ဆက်တိုက်ထိုးနေခြင်းဖြစ်သည်။

တနင်္သာရီ တစ်တိုင်းလုံးအနေဖြင့် စစ်ဘေးရှောင်သူဦးရေ ၉၄၇၀၀ ခန့်ထိ ရှိလာသည်ဟု FE5 Tanintharyi ၏ အချက်အလက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts