Home သတင်း စစ်မှုထမ်းနှင့် ပတ်သက်၍ အမျိုးသမီးများ စိုးရိမ်နေကြရ

စစ်မှုထမ်းနှင့် ပတ်သက်၍ အမျိုးသမီးများ စိုးရိမ်နေကြရ

အမျိုးသမီး ပြည်သူ့စစ်မှုထမ်းသင်တန်းကို စစ်အုပ်စုက ဩဂုတ် ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် စက်ရုံနှင့် အလုပ်ရုံတွင် အများဆုံးရှိသည့် အမျိုးသမီးများကြား စိုးရိမ်မှု မြင့်တက်နေသည်။

သို့သော် အမျိုးသမီး ပြည်သူ့စစ်မှုထမ်းသင်တန်း သတင်းသည် သတင်းမှားဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောထားသည်ကိုလည်း တွေ့ရသည်။

ထွက်ပေါ်နေသည့် အမျိုးသမီး ပြည်သူ့စစ်မှုထမ်းသင်တန်းကို မှော်ဘီမြို့ရှိ အမှတ် ၄ အရာခံနှင့် အကြပ်ကြီးသင်ကျောင်းအပြင် ရကသ ၄ နှင့် အခြားစစ်သင်တန်းကျောင်းအချို့တွင်လည်း လက်ခံလေ့ကျင့်သွားမည်ဟု မြန်မာစစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDS) ၏ ဩဂုတ်လ ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ရန်ကုန်မြို့အတွင်း တချို့မြို့နယ်များတွင် အမျိုးသားများ စစ်မှုမထမ်းရရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို လစဉ် ငွေကျပ် ၁ သောင်းမှ ၄ သောင်းအထိ ပေးနေရပြီး မိသားစုများ၏ စားဝတ်နေရေးအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြရသည်။

အခုအခါတွင်လည်း အမျိုးသမီး ပြည်သူ့စစ်မှုထမ်းအတွက်ပါ ငွေကြေးများ ထပ်မံပေးနေရမည်ဆိုပါက စားဝတ်နေရေးနှင့် ပတ်သက်ပြီး ပိုမိုအခက်အခဲ ဖြစ်လာမည်ဖြစ်ကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူ မသီတာက ပြောသည်။

“အခုအခါကလေ စစ်မှုထမ်းတွေနဲ့ ပတ်သက်ပြီးတော့ စက်ရုံဝန်းတွေအထဲမှာ အထည်ချုပ်လောကတွေ အထဲမှာဆိုရင် ကြားနေရတဲ့ သတင်းစကားကဆိုလို့ရှိရင် သူတို့ရဲ့ အမျိုးသားတွေ ပါသွားတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင် ငါတို့တွေက ဒီအမျိုးသားတွေ မပါဖို့အတွက် လစဉ်လတိုင်း ပိုက်ဆံထောက်ပံ့ရတယ်ပေါ့။ အခုလက်ရှိ ဒီအမျိုးသမီးတွေအတွက်ပါ ထပ်ပြီးတော့ ဒီစစ်မှုထမ်းကြီးက ကျရောက်လာပြီဆိုတဲ့အခါကျတော့ အမျိုးသမီးတွေက ဘာဆက်ဖြစ်လာလဲဆိုတော့ သူတို့တွေသာ ပါသွားခဲ့ရင် အိမ်မှာရှိနေတဲ့ မိသားစုပေါ့ ကလေးငယ်တွေရှိမယ်၊ ပြီးလို့ရှိရင် အိုကြီးအိုမတွေ သူတို့ရဲ့ မိဘတွေ ရှိမယ်ပေါ့နော်။ အဲဒီအတွက် သူတို့မှာ ကုန်ဈေးနှုန်းအတွက် ရင်းနှီးရတာက တစ်မျိုး။ စစ်မှုမထမ်းရဖို့အတွက်ကို ဒီမှာရှိနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပဲ ပိုက်ဆံပေးရမှာလား၊ စစ်မှုမထမ်းရဖို့အတွက်ပဲ စစ်တပ်ကိုပဲ သွားပြီးတော့ ဖားရမလားဆိုတဲ့ စကားတွေက အများကြီး ကြားနေရတာပေါ့နော်။ နောက်ပြီးတော့ ဝန်ထမ်းတွေက အများကြီး ကြောက်စရာတစ်ခုလိုတော့ သတ်မှတ်ထားကြတယ်ရှင့်” လို့ ပြောသည်။

အထည်ချုပ်စက်ရုံနှင့် ကုမ္ပဏီလုပ်ငန်း အများအပြားရှိသည့် ရန်ကုန်မြို့တွင် အလုပ်သမားများစွာရှိနေပြီး စားဝတ်နေရေးအတွက် ည ၉ နာရီနှင့် ၁၀ နာရီအထိ အချိန်ပို ဆင်းနေကြရသည်။

လက်ရှိ အမျိုးသမီး စစ်မှုထမ်းသတင်းများကြောင့် အထည်ချုပ်စက်ရုံ အလုပ်သမားများသည် လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြရကြောင်း အထည်ချုပ်အလုပ်သမား မစန်းယုက ပြောသည်။

“လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အခုက စက်ရုံတွေမှာက အထည်ချုပ်စက်ရုံတွေမှာကလည်း OT တွေက ည ၉ နာရီ၊ ၉ နာရီခွဲအထိကို ခေါ်ကြတယ်။ ခေါ်ကြတဲ့အခါမျိုးတွေဆိုတော့ အခုလက်ရှိမှာက စက်ရုံတွေကလည်း တစ်ခုခု ဖြစ်လာလို့ရှိရင် ကာကွယ်မပေးတာမျိုးတွေ ရှိတယ်ပေါ့နော်။ ပါသွားလို့ရှိရင် ပါသွားပလေ့စေဆိုတဲ့ ပုံစံမျိုးနဲ့ပဲ စက်ရုံတွေကလည်း သူတို့ရဲ့ အထည်ရရှိဖို့အရေး၊ အချိန်မှီ သူတို့ရဲ့ကုန်တွေ ထွက်ရှိလာဖို့အရေးအတွက်ပဲ သူတို့က ဦးစားပေးပြီးတော့ အလုပ်သမားတွေရဲ့ လုံခြုံရေးအတွက်ကို သူတို့ ဘာမှဂရုမစိုက်ဘူးပေါ့နော်” ဟု ပြောသည်။

လက်ရှိ ရန်ကုန်မြို့တွင် စစ်မှုထမ်းအတွက် အမျိုးသားများကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိနေပြီး ပျောက်ဆုံးတာနှင့် ဖမ်းဆီးခံရတာများလည်း ရှိနေသလို စစ်မှုထမ်းအတွက် ငွေကြေးအမြောက်အများ ကောက်ခံခြင်းများလည်း ရှိနေသည်။

ထို့နောက် စစ်မှုထမ်းလိုသည့် အမျိုးသားများကိုလည်း ခေါ်ယူနေမှုများရှိနေပြီး ရပ်ကွက်အလိုက် လူတစ်ဦးကို ငွေကျပ် သိန်း ၆၀ မှ သိန်း ၁၀၀ အထိ ပေးနေရတာများလည်း ရှိနေသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူရန် မလိုအပ်သေးသည့် အနေအထားဖြစ်နေပြီး အမျိုးသမီးများကို စစ်မှုထမ်း မခေါ်ယူခြင်းသည် အမျိုးသမီးများအတွက် ပိုမိုလုံခြုံသည့်ဘဝကို ပေးနိုင်ကြောင်း အလုပ်သမားသမဂ္ဂမှ တာဝန်ရှိသူ မသီတာက ပြောသည်။

စစ်အာဏာသိမ်းနောက်ဆက်တွဲ အခြေအနေများအရ ပြည်သူလူထုတို့သည် စားဝတ်နေ‌ရေး အခက်အခဲများ ကြုံတွေ့နေကြရပြီး နည်းပါးလှသည့် လုပ်ခလစာများဖြင့် ရုန်းကန်နေရချိန် ယခုကဲ့သို့ အမျိုးသမီးစစ်မှုထမ်းကိစ္စရပ်နှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်နေကြရကြောင်း ပြောသည်။

Enable Notifications OK No thanks