Home သတင်း ဘားအံတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းအချို့ စတင်ဖွင့်လှစ်၊ ရေဘေးသင့်ပြည်သူ ၃၉၀ အထိရှိလာ

ဘားအံတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းအချို့ စတင်ဖွင့်လှစ်၊ ရေဘေးသင့်ပြည်သူ ၃၉၀ အထိရှိလာ

သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်လျှက်ရှိရာ ရေဘေးသင့် ပြည်သူများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂ ခုကို စတင်ဖွင့်လှစ်ပြီး ပြောင်းရွှေ့ပေးနေကြောင်း သိရသည်။

မိုးလေဝသဇလဗေဒ ဦးစီးဌာန၏ သြဂုတ် ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီခွဲချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ ၈၃၄ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

ထို့ကြောင့် အရေးပေါ်ပြောင်းရွှေ့မှုများအတွက် ဖားအံမြို့ပေါ် ရပ်ကွက်များအတွင်း ကယ်ဆယ်ရေးစခန်း (၁၆) ခုနှင့် ကျေးရွာအုပ်စုများတွင် (၁၁) ခု၊ စုစုပေါင်း (၂၇) ခုကို ကြိုတင်ပြင်ဆင်ထားသည်။

လက်ရှိ စတင်ဖွင့်လှစ်ထားသည့် မိုးလုံလေလုံအားကစားရုံနှင့်လေသာ ဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်း ၂ ခုတို့တွင် အိမ်ထောင်စု ၇၈ စု၊ စုစုပေါင်း လူဦးရေ ၃၉၀ ဦးတို့ ရောက်ရှိနေပြီးဖြစ်ကြောင်းလည်း သိရသည်။

ရေဘေးသင့်ပြည်သူများအတွက် အဓိကအရေးပေါ်ရိက္ခာအဖြစ် ဝေငှလှူဒါန်းပေးနိုင်ရန်အတွက် ဆန်၊ ဆီ နှင့် ကြက်ဥ အစရှိသည့် မရှိမဖြစ်အခြေခံစားသောက်ကုန်များကိုလည်း ကြိုတင်စုဆောင်းကာ စီစဉ်ထားရှိကြောင်း သိရှိရသည်။

မြေနိမ့်ပိုင်းနေ ပြည်သူများအနေဖြင့် သံလွင်မြစ်ရေပိုမိုမြင့်တက်လာပါက သက်ဆိုင်ရာအဖွဲ့များထံ ဆက်သွယ်၍ ပြောင်းရွှေ့နိုင်ရန် လိုက်လံနှိုးဆော်ထားကြောင်းလည်း ရေးဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့်အမျိုးသားတစ်ဦးက ပြောသည်။

“အရေးကြီးလိုအပ်တာများကြိုတင်ပြင်ဆင်ထားပေးကြပါ လိုအပ်တာနဲ့ ချက်ချင်းတုံပြန်ဖို့ မီးသတ်ဦးစီးဌာန နှင့် ကယ်ဆယ်ရေးများ ဌာနဆိုင်ရာ များ အစိုးရအဖွဲ့များ အသင့်ကူညီဖို့ရှိပါတယ်ဗျ”ဟု ရေးဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့်အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ သြဂုတ် ၁၁ ရက်နေ့တွင် ဘားအံမြို့၊ အမှတ်(၂) ရပ်ကွက်အပိုင် ရေပေါ်ဈေးအနောက်ခြမ်း ဆယ်ပေလမ်း၊ သုခမေတ္တာလမ်း၊ ကုက္ကိုလ်ပင်အောက်၊ အ.မ.က(၂) မူလွန်ကျောင်းဝင်း/စေတနာလမ်း၊ မေတ္တာလမ်း၊ ဆယ်အိမ်စုတံတားထိပ်အနီးမြေနိမ့်ပိုင်း၊ ရွှေနှင်းဆီအစရှိသော မြေနိမ့်ပိုင်းဒေသ ရပ်ကွက် လမ်းများသို့ မြစ်ရေဖုံးလွှမ်းလျှက်ရှိသည်။

Enable Notifications OK No thanks