Homeသတင်းတော်လှန်မွန်လူငယ်တို့ရဲ့ အသက်၊ ဘဝ ပေးဆပ်မှုနှင့် သမိုင်းဥဒါန်း

တော်လှန်မွန်လူငယ်တို့ရဲ့ အသက်၊ ဘဝ ပေးဆပ်မှုနှင့် သမိုင်းဥဒါန်း

-

မင်းပိုင် (ဂုဏ်ပြုဆောင်းပါး)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်တပ်က မတရား အာဏာသိမ်းခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ ဒီမိုကရေစီ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရပြီး တစ်နိုင်ငံလုံး အမှောင်ထုထဲ ကျရောက်သွားခဲ့ရပါတယ်။

ထိုမျှမကဘဲ အာဏာသိမ်းစစ်အုပ်စုဟာ လေကြောင်းကနေ ဗုံးကြဲတာ၊ ကျေးရွာတွေကို မီးရှို့တာနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို နည်းမျိုးစုံဖြင့် လုပ်ဆောင်လာခဲ့ပါတယ်။ ဒါ့အပြင် အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ရွေးကောက်ပွဲတွေကို ဟန်ပြကျင်းပပြီး သူတို့အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် ထွက်ပေါက်ရှာနေပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ အသက်၊ သွေး၊ ချွေးနဲ့ တည်ဆောက်ထားတဲ့ တော်လှန်ရေးဒီရေကတော့ မပျက်စီးသွားဘဲ ပိုပြီး အမြစ်တွယ်လာခဲ့ပါတယ်။

ထို စိန်ခေါ်မှုတွေကြားမှာ မွန်လူငယ်အချို့ဟာလည်း လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ မွန်အမျိုးသား လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ခက်ခဲတဲ့ တော်လှန်ရေးခရီးလမ်းထဲကို ရဲရဲဝံ့ဝံ့ ခြေလှမ်းခဲ့ကြပါတယ်။

ဒီကနေ့ (ဩဂုတ် ၁၂ ရက်) ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) မှာ ကမ္ဘာတစ်ဝှမ်းက လူငယ်တွေဟာ မိမိတို့ အနာဂတ်ကို လွတ်လပ်စွာ ပုံဖော်နေကြပါတယ်။ မတရားမှုကို ခေါင်းငုံ့မခံနိုင်တဲ့ တော်လှန်မွန်လူငယ်တွေကတော့ တောတောင်စခန်းတွေ၊ ရှေ့တန်းစစ်မျက်နှာနဲ့ မြို့ပြပြောက်ကျား လှုပ်ရှားမှုတွေမှာ ဘဝတွေကို ပုံအောပြီး အမျိုးသားရေးတာဝန်ကို ကိုယ့်ရဲ့အသိစိတ်နဲ့ ထမ်းဆောင်နေကြဆဲ ဖြစ်ပါတယ်။

မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုအောက်မှာ ခေတ်အဆက်ဆက် ကျွန်ပြုခံရတာကြောင့် မွန်လူမျိုးတွေ ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် အတိတ်မှာ နစ်မနေဘဲ အနာဂတ်မှာ တကယ်ရှင်သန်နိုင်ဖို့ဆိုရင် မွန်လူငယ်တွေကြား တော်လှန်ရေးစိတ်ဓာတ် နိုးကြားနေကြဖို့ လိုပါတယ်။

ဒါကြောင့် မွန်လူငယ်တွေအတွက် “တော်လှန်မလား၊ ဒူးထောက်ကျွန်ခံမလား” ဆိုတဲ့ လမ်းနှစ်သွယ်ပဲ ရှိလာတဲ့အခါ ဂုဏ်သိက္ခာရှိရှိ ရှင်သန်ရေးအတွက် တော်လှန်ရေးလမ်းကိုပဲ ရွေးချယ်ခဲ့တာလို့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် မွန်ပြည်တော်လှန်ရေးတပ် MSRF ထဲ ရောက်ရှိလာသူ မိတလဥာဏ်က ဆိုပါတယ်။

“ကိုယ့်ဘဝအတွက်ဆို သိပ်ပြီး မစဥ်းစားဖြစ်လိုက်ဘူး၊ ဒါပေမယ့် ကျမတို့လူငယ်ဘဝကို ဂုဏ်သိက္ခာရှိရှိနဲ့ ရှင်သန်နေနိုင်ဖို့ဆိုရင် ဒီတော်လှန်ရေးလမ်းကြောင်းကိုပဲ ဆက်လျှောက်ရမှာပါ” ဟု သူမက ဆက်ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ခရီးလမ်းဟာ အပြောလွယ်သလောက် တကယ့်မြေပြင်လက်တွေ့မှာ ကြီးမားတဲ့ ပေးဆပ်မှုတွေ ရှိခဲ့ပါတယ်။ လူငယ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အိပ်မက်တွေ၊ စာသင်ခန်းတွေ၊ ဝါသနာပါရာ ပညာရပ်တွေနဲ့ ပျော်စရာကောင်းတဲ့ လူငယ်ဘဝတွေကို စွန့်လွှတ်ခဲ့ကြရပါတယ်။

တော်လှန်ရေးကာလအတွင်း လွတ်လပ်ပေါ့ပါးတဲ့ လူငယ်ဘဝအဖြစ် မခံစားလိုက်ရလို့ တချို့ညတွေမှာ အိပ်မပျော်နိုင်အောင် ခံစားနေရသူတွေ ရှိသလို မိဘကို ပြန်လုပ်ကျွေးရမယ့်အရွယ်တွေဖြစ်နေပေမယ့် လုပ်ခွင့်မသာလို့ စိတ်အားငယ်နေရသူတွေလည်း ရှိပါတယ်။ ဒါ့အပြင် တော်လှန်ရေးရဲဘော် ဖြစ်နေလို့ ဝင်ငွေမရှိတာကြောင့် အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေမှာ ငြင်းပယ်ခံရတာနဲ့ လူမှုအသိုက်အဝန်းရဲ့ ဖယ်ကြဉ်ခံရတာတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။

“ကျနော်တို့လူငယ်တွေက ဘဝတွေ အသက်တွေ ရင်းထားပြီးမှ ဒီတော်လှန်ရေးထဲမှာ ဝင်လုပ်နေကြပါတယ်၊ ကိုယ့်ကျိုးအတွက် ဘာမှမရှိပါဘူး၊ အရာအားလုံးအတွက် ပေးဆပ်ခဲ့ရတာပါ” လို့ မွန်ပြည်သစ်ပါတီ (AD) မှာ တော်လှန်ရေးတာဝန်ထမ်းဆောင်လျှက်ရှိနေတဲ့ နိုင်ဂျိဂျွန်းက ပြောပါတယ်။

တစ်ဖက်မှာလည်း မွန်တော်လှန်ရေး ရေစီးကြောင်းဟာ အမြဲ ပြောင်းလဲနေပါတယ်။ ဒါပေမဲ့ အခြားတိုင်းရင်းသား အင်အားစုတွေနဲ့ ယှဉ်လိုက်ရင် မွန်တော်လှန်ရေးဟာ အားနည်းပြီး အနောက်ကျဆုံးမှာ ကျန်နေသေးတယ်လို့ တော်လှန်မွန်လူငယ်တွေကိုယ်တိုင် သုံးသပ်ပြောဆိုလာကြပါတယ်။

တော်လှန်ရေးသက်တမ်း (၅) နှစ်ကျော်လာပေမဲ့ စစ်ရေးအင်အား မတောင့်တင်းလို့ မြို့သိမ်းတိုက်ပွဲတွေ မဖော်ဆောင်နိုင်သေးတာကိုလည်း အားနည်းချက်အဖြစ် ခံစားနေကြရပါတယ်။ ဒီလို နောက်ကျကျန်ရစ်ရတာနဲ့ ပတ်သက်လို့ တော်လှန်မွန်လူငယ်အချို့ရဲ့ ထောက်ပြပြောဆိုချက်တွေကို အကျဥ်းချုပ်ပြီး အောက်ပါအချက်များ တွေ့ရမှာဖြစ်ပါတယ်။

  • – မွန်တော်လှန်ရေးအဖွဲ့တွေအကြား စုစည်းမှုမရှိဘဲ သီးခြားစီ လှုပ်ရှားနေကြလို့ ထိရောက်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ မဖော်ဆောင်နိုင်ခဲ့။

– ဒီနေ့ ဖြစ်တည်နေတဲ့ မွန်တော်လှန်ရေးအပေါ် ဝေဖန်အကြံပြု လေကန်သူတွေ များပေမဲ့ လက်တွေ့ပါဝင်လုပ်ဆောင်သူကတော့ အလွန်နည်းပါးနေ။

– တော်လှန်ရေးအဖွဲ့တွေကြားမှာလည်း ကိုယ့်အဖွဲ့ရဲ့ လုပ်ဆောင်ချက်ကိုပဲ အမြဲမှန်တယ်ယူဆပြီး အခြားအဖွဲ့တွေကို အပြန်အလှန် အပြစ်တင် ဝေဖန်နေကြတာဟာ အောင်မြင်မှုကို နှောင့်နှေးစေ။

ဒါကြောင့် မွန်တော်လှန်ရေးအဖွဲ့တွေ အချင်းချင်း အပြစ်ရှာမယ့်အစား အမျိုးသားလွတ်မြောက်ရေးအတွက် လက်တွေ့အလုပ်ကို တက်ညီလက်ညီနဲ့ အားစိုက်လုပ်ကြဖို့ လိုပါတယ်။ မွန်လူထုတစ်ရပ်လုံး ပါဝင်လာနိုင်အောင် “တော်လှန်ရေးစိတ်ဓာတ်” ပိုမိုနိုးကြားလာဖို့ တော်လှန်မွန်လူငယ်တွေ မျှော်လင့်တောင့်တနေကြပါတယ်။

လက်ရှိအခြေအနေအရ စစ်အုပ်စုက တော်လှန်ရေးအရှိန် လျှော့ကျသွားအောင် နည်းမျိုးစုံနဲ့ လှည့်ဖြားနေပေမဲ့ မြေပြင်က တော်လှန်မွန်လူငယ်တွေရဲ့ ခံယူချက်ကတော့ ယိမ်းယိုင်မသွားပါဘူး။

“ဒီနေ့ ကျနော်တို့မတော်လှန်ဖြစ်ခဲ့ရင် အနာဂတ်ရင်သွေးငယ်တွေအတွက် ကျနော်တို့ဟာ အပြစ်သားတွေ ဖြစ်သွားလိမ့်မယ်။ ကျနော်တို့ရဲ့ အမျိုးသားရေးအခွင့်အရေးတွေ၊ လူငယ်အခွင့်အရေးနဲ့ အမျိုးသားလွတ်မြောက်ရေးဆိုတာ ကျနော်တို့လူငယ်တွေမှာ တာဝန်အပြည့်ရှိပါတယ်” ဆိုပြီး တော်လှန်မွန်လူငယ်တစ်ဦးဖြစ်တဲ့ ဗညားနွန်က ပြောပါတယ်။

တော်လှန်မွန်လူငယ်တွေအနေနဲ့ ကိုယ်ကျိုးအတွက် ဘာမှ မမျှော်လင့်ထားပါဘူး။ တော်လှန်ရေး အောင်မြင်ပြီး ပြည်သူတွေက သူတို့စေတနာကို နားလည်ပေးမယ့်တစ်နေ့ ရရှိလာမယ့် ပီတိလေးတစ်ခုတည်းနဲ့ပဲ ရဲဘော်ရဲဘက်ချင်း ညီအစ်ကိုလို ဖြတ်သန်းရင်း ရှေ့ဆက်နေကြပါတယ်။

ဒါပေမယ့် မွန်လူငယ်တွေအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်အများအပြား ပါဝင်ဆင်နွှဲနေကြတဲ့ ဒီကနေ့ တော်လှန်ရေးခရီးမှာ မိဘအိမ်ကို ပြန်မလာနိုင်တော့တဲ့ သား၊ သမီးတွေလည်း အများကြီးရှိပါတယ်။

“ကျနော်တို့လူငယ်တွေ တော်လှန်ရေးထဲမှာ မသေလို့ပဲ အသက်ရှင်ကျန်ရစ်ခဲ့တာပါ၊ ပြည်သူတွေအနေနဲ့ တော်လှန်ရေးရဲဘော်တွေကို မြင်ရင် အသိအမှတ်ပြုပေးကြပါ၊ ဝန်းရံပေးကြပါ၊ တော်လှန်ရဲဘော်တွေကို ချစ်ခင်ပေးကြပါ” လို့ ရာမညမွန်တပ်တော် (RMA) မှ တော်လှန်ရေးရဲဘော် တလအောင်က ပြောပါတယ်။

မွန်အမျိုးသားလွတ်မြောက်ရေးအတွက် တာဝန်သိစိတ်နဲ့ ရှေ့တန်းမှာ အသက်နဲ့ ခန္ဓာကိုယ် အပ်နှင်းပြီး ဘဝတွေကို ပေးဆပ်နေကြတဲ့ မွန်လူငယ်တွေအတွက် မိဘပြည်သူတွေရဲ့ ဝန်းရံထောက်ပံ့မှုဟာ တော်လှန်ရေးအောင်မြင်ဖို့အတွက် အခရာကျလှပါတယ်။

စစ်အုပ်စုရဲ့ လှည့်ဖြားမှုကို ရဲရဲဝံ့ဝံ့ တွန်းလှန်ပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်မွန်လူငယ်တို့ရဲ့ စိတ်ဓာတ်နဲ့ ပေးဆပ်မှုတွေဟာ ဘယ်တော့မှ အိုမင်းဟောင်းနွမ်းမသွားမယ့် “သမိုင်းဥဒါန်း” အဖြစ် ကျန်ရစ်နေမှာ သေချာပါတယ်။

ဒါကြောင့် သွေးနဲ့ရင်းတဲ့ တော်လှန်မွန်လူငယ်တို့ရဲ့ ပေးဆပ်မှုဟာ နောင်လာနောက်သားတွေအတွက် ဓူဝံကြယ်ပမာ ထာဝရရှင်သန် လမ်းပြနေမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts