မွန်ပြည်နယ်တွင် စက်သုံးဆီခွဲတမ်းလျှော့ချလိုက်သည့်အတွက် တန်းစီဝယ်ယူစောင့်ဆိုင်းရခြင်းနှင့် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို တစ်ဖန်ကြုံတွေ့နေရကြောင်း ဝယ်ယူအသုံးပြုသူနှင့် အရောင်းဆိုင်များမှ သိရသည်။
ဆီခွဲတမ်းရရှိမှုနည်းသဖြင့် စက်သုံးဆီဆိုင်ကြီးများ တစ်ပတ်လျှင် နှစ်ရက်သာဖွင့်လှစ်နိုင်ပြီး ဆိုင်ကယ်တစ်စီး အများဆုံး နှစ်လီတာဝန်းကျင်သာ ရောင်းချပေးနေသည်။
စက်သုံးဆီ အခက်အခဲများကို ဖြေရှင်းနိုင်ရန် မွန်ပြည်နယ်တွင် စုံမစနစ်ဖြင့်သွားလာရန်၊ QR စနစ်ဖြင့် ရောင်းချရန် သတ်မှတ်ထားသော်လည်း ထိရောက်မှုမရှိသည့်အပြင် ပိုမိုခက်ခဲလာသည်ဟု ကျိုက်မရောဒေသခံတစ်ဦးက ဆိုသည်။

“တစ်ပတ်ရင် နှစ်ရက်လောက်ရတယ်။ တစ်ပတ်ဆို ၂ လီတာပဲရမယ်။ ဆိုင်ကယ်တစ်စီးဆို တစ်ခေါက်ထည့်ရင်၂ လီတာပဲ ရမယ်။ တစ်လီတာဆို ၆၀၀၀ ဈေးပေါ့နော်။ ကျမတို့ ကျိုက်မရောဘက် တအားအဆင်မပြေတော့ဘူး။ အပြင်ဆိုင်ကနေပဲ ဝယ်သုံးကြတယ်။"ဟု ဆိုသည်။
စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာ ၄၀၀၀ ကျော် ၊ 95 တစ်လီတာ ၄၂၀၀ ကျပ်နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၈၀၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ၅၃၀၀ ကျပ်အထိ ဈေးရှိနေသည်။
QR စနစ် အပေါ်မူတည်ပြီး၍ ရောင်းချပေးသွားမည်ဖြစ်ပြီး ပုံမှန်ဖွင့်လှစ်နိုင်ရန်အတွက် ညှိနှိုင်းနေဆဲဖြစ်သည်ဟုလည်း ရေးမြို့နယ် ဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“ လိုင်စင်ရှိမှ ဆီထည့်ခွင့်ရတော့မယ်၊ ခြံသမားတွေ၊ လယ်သမားတွေ သိတဲ့အတိုင်းပဲ လိုင်စင်မရှိကြဘူး။ လိုင်စင်ရှိတဲ့ ဘီးပဲရောင်းခိုင်းတယ်။ ကျနော်တို့ ခွဲတမ်းကို ဒီဇယ်ပရီမီယမ် ၁၂၀၀၀၀ လီတာကနေ အခု ၆၀၀၀ ပဲရတော့တယ်။ နောက်ပြီး ခွဲတမ်းကိုလည်း QR ကုတ်အပေါ် မူတည်ပြီးတော့မှပဲ ဆီပြန်ထုတ်တော့မယ်လို့ ပြောထားတယ်။ ” ဟု ၎င်းက ပြောသည်။
စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ဝင်ငွေ မကိုက်ညီတော့သဖြင့် ငါဖမ်းလုပ်ငန်းများ အစီးရေ ထက်ဝက်ကျော် ရပ်နားလိုက်ရသည့် အခြေအနေရှိသည်ဟု ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။
စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီအလုံအလောက်မရရှိသဖြင့် အပြင်မှောင်ခိုင်ဈေးကွက်အများအပြား ပေါ်ပေါက်လာကာ အဂတိလိုက်စားမှုများ ပိုမိုဆိုးရွားလာနေသည်။
စစ်ကော်မရှင်ပြည်နယ်အစိုးရအဖွဲ့ဘက်မှ စက်သုံးဆီများ တရားမဝင်မှောင်ခိုရောင်းချသည်ဟုဆိုကာ စက်သုံးဆီလုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများ၌ အမှုဖွင့်အရေးယူထားခြင်းများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။



