မွန်ပြည်နယ် မြို့နယ်အချို့ကို ညမထွက်ရအမိန့် အတိအကျလိုက်နာရန် ထပ်မံသတိပေးထားပြီး ဖမ်းဆီးမှုနှင့် လူပျောက်ဆုံးမှုများလည်း ရှိလာနေကြောင်းသိရသည်။
ပေါင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့ပေါ်နေရာအချို့ကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက ည ၉ နာရီနောက်ပိုင်း အပြင်ထွက်သွားလာခြင်းမပြုရန်၊ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရန်၊ အမျိုးသမီးမောင်း ဆိုင်ကယ်နောက်တွင် အမျိုးသား လိုက်ပါစီးနင်းခြင်းမပြုရန် ပြီးခဲ့သည့် ဇူလိုင်ကအတွင်းက လိုက်လံသတိပေးခြင်းများ လုပ်ဆောင်ခဲ့သည်။
သတိပေးမှုလုပ်ဆောင်ပြီးနောက် စစ်တပ်၊ရဲတပ်ဖွဲ့နှင့် BGF အဖွဲ့တို့ ပူးပေါင်းပြီး အင်အားအများအပြားဖြင့် ညပိုင်း၌ လုံခြုံရေးယူခြင်း၊ ကင်းလှည့်ခြင်းများ ဆက်တိုက်လုပ်ဆောင်လာကြောင်း ကမာဝက်မြို့ခံတစ်ဦးကပြောသည်။

“ ညတိုင်းကင်းလည်း လှည့်တယ်။ စစ်တပ်ရော၊ ရဲရော၊ သူတို့နဲ့ပေါင်းထားတဲ့ BGF တို့ရောဆို အင်အား ၁၅၀ လောက်ရှိမယ်။ ယောကျာ်းလေးနှစ်ယောက် ဆိုင်ကယ်အတူတူစီးတာတွေ့ရင် သူတို့ဖမ်းရင်လည်း အပြစ်မရှိတော့ဘူး သတိပေးထားတာပဲ အဲ့အကွက်နင်းမှာပေါ့၊ ဟိုနေ့ကအဖမ်းခံရတဲ့သူက ၁၈ နှစ်လောက်ပဲရှိမယ်၊ သူ့ဆိုင်ကယ်တစ်စီးပါသွားတယ်” ဟု၎င်းက ဆိုသည်။
ဒေသန္တရအမိန့်ကို ဖောက်ဖျက်သည်ဟုဆိုကာ ဝါဆိုပန်းခူးမှ ပြန်လာသည့် ကမာဝက် လူငယ်တစ်စု ဖမ်းဆီခံရပြီး ပြန်လည်လွတ်မြောက်လာသည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ဒုတိယအပတ်အတွင်း ကမာဝက်မြို့ ဂုံညင်းတန်းရပ်ကွက်ပိုင်းနေ လူငယ်အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့် အလုပ်မှပြန်လာစဉ် သတင်းအစအနမရဘဲ ယနေ့အထိ ပျောက်ဆုံးနေကြောင်းလည်း သိရသည်။
ဧည့်စာရင်းဝင်ရောက်စစ်ဆေးခြင်းနှင့် ဖမ်းဆီးစစ်ဆေးခြင်းများ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေသည်ဟု သိရသည်။
ရေးဒေသခံတစ်ဦးက “ရေးမြို့ပေါ်မှာ အခု ည ၈ နာရီဖြစ်သွားတယ်၊ ၈ နာရီထိုးတာနဲ့စစ်ကားတွေလှည့်ပြီးတွေ့တဲ့ လူအကုန်ဖမ်းတာပဲ၊ မသင်္ကာရင်ဧည့်စရင်းစစ်ပဲ။ ၈ နာရီထိုးလို့ တံခါးမပိတ်ထားတဲ့အိမ်ဆိုရင် စစ်ဆေးမေးမြန်း တာခံရတယ်။ ခြံမှာမအိပ်ရဖို့လည်း အမိန့်ထုတ်ထားတယ်” ဟု၎င်းကပြောသည်။
သထုံခရိုင် သထုံမြို့နယ်နှင့် ပေါင်မြို့နယ်များအတွင်းတွင်လည်း ဒေသန္တရအမိန့်ကြောင့် ဖမ်းဆီးအရေးယူခြင်းခံရသူများနေ့စဉ်နှင့်အမျှရှိနေကြောင်းနှင့် ငွေကြေးပေးကာ ပြန်ရွေးယူရခြင်းများရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
မွန်ပြည်နယ်အတွင်း ချောင်းဆုံမြို့နယ်အပ ကျန်မြို့နယ် (၉) မြို့နယ်လုံးတွင် ညမထွက်ရအမိန့်များထုတ်ပြန်ထားပြီး၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ အစရှိသည့်မြို့နယ်များကို ဒေသန္တရအမိန့်များထုတ်ပြန်ထားဆဲဖြစ်ကြောင်း သိရသည်။



