ရေဖြူမြို့နယ်၊ ရေဖြူ-ကလိန်အောင်ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာအတွင်း စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသား ၅ ဦး သြဂုတ် ၃ ရက်နေ့က ပြန်လွတ်လာကြောင်း မြေပြင်သတင်းအရင်းမြစ်များထံမှ သိရသည်။
ရေဖြူ-ကလိန်အောင်ကားလမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာအတွင်းသို့ ဇူလိုင်လကုန်ပိုင်းမှစတင်ပြီး အင်အား ၂၀၀ ဝန်ကျင်းရှိ စစ်ကော်မရှင် စစ်ကြောင်းတစ်ကြောင်းက တစ်ရွာဝင်တစ်ရွာထွက် လှုပ်ရှားနေသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့က ကျောက်ကဒင်ကျေးရွာသို့ ဝင်ရောက်စစ်ကြောင်းထိုးလာစဉ် ရွာသား ၅ ဦးကို ဖမ်းခေါ်ဆောင်သွားခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကံပေါက် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူ ဦးအောင်ပန်းက ပြောသည်။

“ကျောက်ကဒင်ကို စစ်ကြောင်းထိုးချိန်မှာ ရွာသား ၅ ယောက်ကို ဖမ်းသွားတယ်။ ဘာကြောင့် ဖမ်းသွားလဲတော့ မသိဘူး။ အခု သူတို့ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရတယ်။” ဟု ပြောသည်။
ကျွဲတလင်းကျေးရွာဘက်သို့လည်း ယမန်နေ့ သြဂုတ်လ ၅ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ ပြီး ရွာသားအချို့ကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ပြီး ဖမ်းဆီးခေါ်သွားခြင်း မရှိကြောင်း ဆိုသည်။
လက်ရှိ ရေဖြူ-ကလိန်အောင်ကားလမ်းပိုင်းတစ်လျှောက်တွင် စစ်ကော်မရှင်က ကင်းပုန်းဝတ်အများအပြား ချထားပြီး တစ်ရွာဝင်တစ်ရွာထွက် လှုပ်ရှားသွားလာနေသည့်အတွက် တိုက်ပွဲဖြစ်ပွားမည့်အပြင် ဖမ်းဆီးခံရမည်ကိုလည်း ဒေသခံများ စိုးရိမ်နေကြောင်း PDF အထူးတိုင်းစစ်ဌာ နည်းဗျုဟာ ၃၃ မှ တာဝန်ရှိသူ စောဒါးကိုက ပြောသည်။
“သူတို့စစ်ကြောင်းဝင်လာတဲ့ နေရာကတော့ ရွာသားတွေက ကြောက်ကြတာပေ့ါ။ သူတို့က အလယ်စခန်းအထိကို စစ်ကြောင်းထိုးတယ်။ လမ်းမှာလည်း ကင်းပုန်းတွေ ချထားတယ်။ သူတို့ အင်အားစုစည်းပြီး သရက်ချောင်းဘက်ကနေ တက်လာတယ်။ ရာဖူးကို ဝင်တယ်၊ ပြီးတော့ ကျောက်ကဒင်၊ ကျွဲတလင်း အလယ်စခန်းအထိ ဝင်လာတယ်” ဟု စောဒါးကိုက ပြောသည်။
အဆိုပါ လမ်းပိုင်းတစ်လျှောက်တွင် ကင်းပုန်းဝတ်များ ချထားခြင်းကြောင့် ဒေသခံများ ဖြတ်သန်းသွားလာရန် လုံခြုံမှု မရှိသလို ဥယျာဉ်ခြံများလည်း သွားရောက်လုပ်ကိုင်ရန် ခက်ခဲနေကြောင်းလည်း သိရသည်။
ရေဖြူ-ကလိန်အောင်ကားလမ်းပိုင်းသည် စစ်ကော်မရှင်တပ်အပြင် တော်လှန်ရေးတပ်ဖွဲ့တို့ကလည်း သွားလာလှုပ်ရှားနေသည့် နယ်မြေဒေသတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာလည်း ဖြစ်ခဲ့သည်။



