Homeသတင်းမြဝတီတောင်ပိုင်းဒေသ တိုက်ပွဲကြောင့် ထိုင်းနယ်စပ်ဘက် မြေပြင်နှင့် ဝေဟင် လုံခြုံရေးများ တိုးမြှင့်ထားဆဲ

မြဝတီတောင်ပိုင်းဒေသ တိုက်ပွဲကြောင့် ထိုင်းနယ်စပ်ဘက် မြေပြင်နှင့် ဝေဟင် လုံခြုံရေးများ တိုးမြှင့်ထားဆဲ

-

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းတွင် ဖြစ်ပွားနေသော ကာလရှည်စစ်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ်အနီးရှိ တာ့ခ်ခရိုင်ဒေသတစ်ဝိုက်ကို ထိုင်းနိုင်ငံဘက်မှ လုံခြုံရေးကို တိုးမြှင့်ချမှတ်ထားဆဲဖြစ်ပြီး စစ်ရေးအခြေအနေကို ထိုင်းဘုရင့်တပ်မတော်က မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

မကြာသေးမီက ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် နယ်စပ်ဒေသများသို့ ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး နယ်စပ်စစ်ရေးအခြေအနေများကို လေ့လာဆန်းစစ်ခဲ့ပြီး တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများကို အားပေးစကား ပြောကြားခဲ့သည်။

မဲဆောက်မြို့နယ်အခြေစိုက် ရာဇမနူး အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ တင်ပြချက်အရ စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများသည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ မဟာဝမ်ကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိနေကြောင်း သိရသည်။

ထို့ကြောင့် နယ်စပ်လုံခြုံရေးနှင့် ပြည်သူ့အသက်အိုးအိမ်များကို ကာကွယ်ရန် တပ်ဖွဲ့ဝင်များက အသင့်အနေအထား ပြင်ဆင်ထားပြီး ထိုင်းပြည်ထဲရေးဒုတိယဝန်ကြီးက ထိုင်းစစ်တပ်၊ နယ်ခြားစောင့်ရဲနှင့် အုပ်ချုပ်ရေးပိုင်းတို့ ပူးပေါင်းကာ ထိုင်းပြည်သူများ ဘေးကင်းရေးအတွက် နယ်စပ်လုံခြုံရေးကို အပြည့်အဝ တာဝန်ယူဆောင်ရွက်နေကြောင်း ဆိုသည်။

တိုက်ပွဲများကြောင့် ထိုင်းပြည်သူများ ထိခိုက်နစ်နာရမှုများနှင့် ပတ်သက်၍ မြန်မာဘက်ခြမ်းရှိ တာဝန်ရှိသူများနှင့် အရေးပေါ်ဆွေးနွေး အဖြေရှာနိုင်ရေးအတွက် ဝန်ကြီးချုပ် မစ္စတာ အနုတင် ချန်ဝီရကူးလ်ထံသို့ အစီရင်ခံ တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် ၂ ရက်နေ့ နံနက်ပိုင်းက မြန်မာဘက်ခြမ်းကတိုက်ပွဲကြောင့် ထိုင်းနိုင်ငံနယ်စပ်၊ မယ့်ကိုကင်းကျေးရွာအတွင်း နေအိမ်(၅)လုံး၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ကျည်ဆန်ထိမှန်ခဲ့သည်။

စစ်ရေးတင်းမာနေစဉ်အတွင်း မြန်မာနိုင်ငံဘက်မှ မဲခေါင်မြစ်ကို ဖြတ်ကျော်ကာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ သာ့ဆုန်းကျေးရွာအုပ်စု ပြောင်းခင်းတစ်ခုအတွင်းသို့ ကင်မရာတပ်ဆင်ထားသော စစ်ဆေးရေးဒရုန်းတစ်စင်း ပျက်ကျခဲ့မှု ဖြစ်ပွားခဲ့သည်။

နယ်ခြားစောင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့က အဆိုပါဒရုန်းကို သွားရောက်သိမ်းဆည်းပြီး စစ်ဆေးခဲ့ရာ ယင်းဒရုန်းသည် စစ်ကော်မရှင်စစ်တပ်က နယ်စပ်ဒေသရှိ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ထောက်လှမ်းရန် အသုံးပြုသည့် ဒရုန်းဖြစ်နိုင်ပြီး ထိန်းချုပ်မှုစနစ်ချို့ယွင်းကာ ထိုင်းပိုင်နက်အတွင်းသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ထိုင်းအာဏာပိုင်များအနေဖြင့် နယ်စပ်ဝေဟင်လုံခြုံရေးကိုပါ ပိုမိုတိုးမြှင့် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ကိုးကား-Thai PBS

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts