Homeသတင်းကျားဖြန့်လုပ်ငန်းများ နယ်စပ်မှ ကုန်းတွင်းပိုင်းသို့ ပြောင်းနေကြောင်း KNU ပြော

ကျားဖြန့်လုပ်ငန်းများ နယ်စပ်မှ ကုန်းတွင်းပိုင်းသို့ ပြောင်းနေကြောင်း KNU ပြော

-

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်တကြောတွင် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ နယ်စပ်စည်းမျဉ်းနှင့် ဝေးရာ ကုန်းတွင်းပိုင်းဒေသများသို့ ပြောင်းရွှေ့နေကြကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တာဝန်ရှိသူက IMNA သို့ ပြောသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် ထိုင်းနိုင်ငံဘက်ခြမ်းမှ လှမ်းကြည့်လျှင်ပင် မြင်ရသည့် အထပ်မြင့်အဆောက်အဦးများကိုစွန့်ခွာ၍ အသွင်အမျိုးမျိုးပြောင်းကာ မြို့ကြီးပြကြီးများဆီသို့ပင် ပြောင်းရွှေ့သွားပြီဟု ဆိုသည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “နယ်စပ်ဘက်ကနေ အတွင်းပိုင်းကို ပိုပြီးတော့မှ ဝင်ရောက်သွားတယ်ဆိုတာ မှန်ပါတယ်။ စောနက ကျနော်ပြောသလိုပေါ့နော်။ ပုံစံအမျိုးမျိုးနဲ့ပေါ့နော် အသွင်ပြောင်းပြီးတော့ သူတို့ စင်တာအနေနဲ့ မဖွင့်တော့ဘဲနဲ့ လုပ်ဆောင်တာမျိုးတွေလည်း ရှိတာပေါ့နော်။ အဆောက်အအုံးငယ်လေးထဲမှာပေါ့။ တချို့ကလည်းပဲ ဟိုး မြို့ကြီး၊ ပြကြီးတွေမှာ တကယ့်ဟော်တယ်တွေမှာ တကယ့်ကြီးမားတဲ့ အဆောက်အအုံးတွေထဲမှာ လုပ်ဆောင်နေတယ်ဆိုတာကလည်း အဲ့တာကတော့ ကျနော်တို့ သတင်းရတာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ရဲ့ ဧရိယာပြင်ပဘက်က မြို့တွင်း၊ မြို့ကြီးတွေမှာ ဖြစ်တာပေါ့နော်။” ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကပင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) လက်အောက်ခံ ကျောက်ခက်ဒေသမှ ကျားဖြန့်လုပ်ငန်းများကို ဆုံဆည်းမြိုင်၊ လှိုင်းဘွဲ့၊ ကျုံပိုင်အပါအဝင် ကရင်ပြည်နယ် မြို့တော် ဘားအံမြို့ပေါ်အထိ ပြောင်းရွှေ့မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

DKBA နည်းတူ ကရင်နယ်ခြားစောင့်တပ် BGF နှင့် ကရင်အမျိုးသားတပ်မတော် KNA တို့၏ ကျားဖြန့်လုပ်ငန်းခွင်များမှာလည်း ယခင် နာမည်ကြီး KK Park၊ ရွှေကုက္ကိုတို့မှ စွန့်ခွာ၍ ဒေါနတောင်ခြေဘက်သို့ ပြောင်းလဲဖွင့်လှစ်ထားပြီး ဖြစ်သည်။

ထို့ပြင် ဩဂုတ်လ ၁ ရက်နေ့က DKBA ထိန်းချုပ်ရာ ကျောက်ခတ်ဒေသ၊ Tai Chang ကျားဖြန့်ခြံဝန်းမှ တရုတ်လူမျိုး ၂,၀၀၀ ခန့်ကို truck ကားများနှင့် တင်ဆောင်လာသည့် ရုပ်သံဖိုင် လူမှုကွန်ရက်တွေ ပျံ့နှံ့လာသည်။

ထိုင်းနယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး ချာနာကန် ဆန်ဆွန်ကလည်း ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် အွန်လိုင်ငွေလိမ် ကျားဖြန့်ဂိုဏ်းများ မြန်မာပိုင်နက်အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီဟု မီဒီယာများကို ထုတ်ပြောလာသည်။

“အဓိကကတော့ သူတို့ရဲ့ ပုံရိပ်ကို ပြောင်းချင်တာလည်းပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာဆိုရင် သူတို့ကို ထိုင်းဘက်က အလွယ်တကူ ထောက်လှမ်းနိုင်တယ်။ အခုက ထိုင်းတောင် အရင်လို ပေါ့ပေါ့လေး နေလို့မရဘူး။ အနောက်ကနေ အမေရိကန်ပါလာတယ်။ ဒါကို မြန်မာစစ်တပ်ကလည်း လန့်တယ်။ ဒီတော့ သူတို့ကြားမှာ တခုခု ချိတ်ဆက်ထားပုံရပါတယ်။ ပြီးခဲ့တဲ့ရက်က ပြောသလိုပဲ ဒီခြံဝန်းတွေ ပြောင်းကြဖို့ကို BGF နဲ့ DKBA အစည်းအဝေးထိုင်တာ လွန်ခဲ့တဲ့ ၂ လထဲက၊ စစ်တပ်ကလည်း သူတို့ကို နယ်စပ်မှာ မလုပ်စေချင်တော့ဘူး။ ဒီအတွက်လည်း တောထဲ တောင်ထဲမှာ အဆောက်အအုံတွေ ကြိုဆောက်ထားပြီးသား” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင်နှင့် အမေရိကန် ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို FBI ညွှန်ကြားရေးမှူး မစ္စတာ ကရှ်ပါတေးတို့ တွေ့ဆုံခဲ့စဉ်က ကျားဖြန့်လုပ်ငန်းများကို အမြစ်ပြတ်သည်အထိ တိုက်ဖြတ်မည်ဟု ပြောဆိုခဲ့သည်။

မကြာမီကပင် ထိုင်းနိုင်ငံက BGF ခေါင်းဆောင်တဦးဖြစ်သည့် ဗိုလ်မှူးချုပ် စောမုတ်သုန်ကို ဖမ်းမရမ်းထုတ်လိုက်ပြီး ဥရောပသမဂ္ဂ EU ကလည်း DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်၊ ဗဟိုစီးပွားရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် စိုင်းကျော်လှ၊ စစ်ရေးချုပ် စောစိန်ဝင်း၊ ဦးဆောင်နာယက ဗိုလ်ချုပ်ကြီး စောစတီးနှင့် စောအိလိထူးတို့အား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

သို့သော်လည်း အဆိုပါ အရေးယူမှုများကြောင့် ထိုင်း-မြန်မာနယ်စပ်တွင် ကျားဖြန့်လုပ်ငန်းများ မပပျောက်သွားဘဲ ငွေလိမ်လုပ်ငန်းများမှာ ဒေသခံပြည်သူများကြားတွင် ရောနှောကာ မြို့ပြတွင် အခြေစိုက်လာပြီး ရန်ကုန်မြို့တွင်ပင် ကျားဖြန့်လုပ်ငန်းများ ဖမ်းဆီးရမိလာသည့် အခြေအနေများ ရှိလာသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts