Homeသတင်းမုဒုံမြို့နယ် ကျေးရွာအများစုကို အုပ်ချုပ်ရေးမှုးဟောင်းများကသာ ပြန်လည်အုပ်ချုပ်

မုဒုံမြို့နယ် ကျေးရွာအများစုကို အုပ်ချုပ်ရေးမှုးဟောင်းများကသာ ပြန်လည်အုပ်ချုပ်

-

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ်ရွေးချယ်ပွဲ လုပ်ဆောင်ခဲ့သော်လည်း အုပ်ချုပ်ရေးအပိုင်း တာဝန်ယူလုပ်ဆောင်သူ၊ စိတ်ပါဝင်စားသူ နည်းပါးသောကြောင့် ယခင်အုပ်ချုပ်ရေးမှူးဟောင်းများသာ ပြန်လည်အုပ်ချုပ်နေကြောင်း သိရသည်။

ဇူလိုင်လကုန်ပိုင်းအထိ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် မုဒုံမြို့မ ၃၊ တောင်ပကျေးရွာ၊ ထုံမံ၊ ကွမ်းကဗွီး၊ ညောင်ကုန်း၊ အခွန်ကျေးရွာ၊ ဝဲကလိနှင့် ကမာဝက်မြို့ ရပ်ကွက်အချို့တို့တွင်သာ ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင်ခဲ့သည်။

ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအများစု၏ အုပ်ချုပ်ရေးမှုနေရာကို နှစ်ရှည်လုပ် တာဝန်ယူထားသည့် ဥက္ကဌဟောင်းများသား အပြောင်းအလဲမရှိ ဆက်လက်ထားရှိသည်ဟု မုဒုံမြို့နယ်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“အဟောင်းကိုပဲ  ရွေးလိုက်ရတာ၊ ရွာကလူတွေ နည်းနည်းစုဝေးပြီးတော့ အသစ်တင်လိုက်တယ်။ ဒီအချိန်မှာ ဝင်ပြိုင် ဝင်လုပ်တဲ့သူလည်း မရှိပါဘူး။ စစ်တပ်ထိန်းချုပ်တဲ့ နေရာတိုင်းက ဘယ်သူပဲ တက်တက်လေ သူတို့ပဲအာဏာရှိတယ်။ မုဒုံမှာဆို တော်လှန်ရေးလည်း လှုပ်ရှားတော့ နှစ်ဖက်အကြား တော်တော်အခက်အခဲဖြစ်တယ်။” ဟု၎င်းကပြောသည်။

ရွေးကောက်တင်မြှောက်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးအသစ်များသည်  USDP ပါတီနှင့်နီးစပ်သူ၊ စစ်တပ်အဖွဲ့မှ ၎င်းတို့ကြိုးကိုင်နိုင်သူများသာ ဖြစ်သည်ဟုလည်း သိရသည်။

မြို့မ ၃ ရပ်ကွက် အုပ်ချုပ်ရေးအပိုင်ရွေးချယ်ပွဲတွင်လည်း ပွင့်လင်းမြင်သာမှုမရှိဘဲ နီးစပ်ရာ လူနည်းစုဖြင့် လုပ်ဆောင်ခဲ့သည်ဟု ကမာဝက် မြို့ခံတစ်ဦးက ဆိုသည်။

“မြို့မ ၃ ရပ်ကွက် လူကြီးရွေးပွဲက ဆယ်အိမ်မှူးနဲ့ နီးစပ်ရာကိုခေါ်ကြတာ တစ်အိမ်ထောင် ကိုယ်စားလှယ်တစ်ယောက်ဆိုပြီး လာလည်းအကြောင်းမကြားဘူး၊ တိုးတိုးတိတ်တိတ်နဲ့ ရာအိမ်းမှူး ၃ ယောက်ကလည်း သူတိူ့လူပဲလုပ်ခွင့်ရမယ်လို့ ကြွေးကြော်နေတော့ အဆင်မပြေနေဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘူး။ ” ဟု၎င်းကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း  လက်နက်ကိုင်ပဋိပက္ခများနှင့်အတူ တော်လှန်ရေးအဖွဲ့များနှင့် စစ်အုပ်စု ယှဉ်ပြိုင်ထိန်းချုပ်ထားသည့် နယ်မြေများတွင် လုံခြုံရေး အန္တရာယ်နှင့် ဖိအားမျိုးစုံ ရင်ဆိုင်နေရသဖြင့် အုပ်ချုပ်ရေးမှူးတာဝန်ယူ သိသိသာသာ လျော့ကျလာပြီး အချို့နေရာများတွင် ခန့်အပ်နိုင်ခြင်းမရှိတော့ပေ။

မွန်ပြည်နယ်သည် နိုင်ငံတစ်ဝန်းတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ကြံ သတ်ဖြတ်ခံရမှု အများဆုံးဒေသတစ်ခုတွင် ပါဝင်သည်ဟုလည်း စစ်အုပ်စုနဲ့ နီးစပ်သည့် သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေ (၂၀၁၂)အရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် သမ္မတရာထူးသက်တမ်း အတိုင်းဖြစ်ပြီး တဆက်တည်း နှစ်ကြိမ်ထက် မပိုစေရဟု ပြဌာန်းထားသည်။

အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေအရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်ရာတွင် မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများ၏ အဆုံးအဖြတ်ဟာ အဓိကကျပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး လစ်လပ်ရင် ဒုတိယ မဲအများဆုံး ရသူကို ခန့်နိုင်ပြီး ဒုတိယ မဲအများဆုံးရသူ မလုပ်နိုင်ပါက သင့်တော်သည့် ရာအိမ်မှူးကို ယာယီ နေရာပေးတာ၊ အသစ် ထပ်မံ ရွေးချယ်မှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts