အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque က သီးသန့်တွေ့ဆုံခွင့်ရရှိခဲ့တယ်လို့ ICRC က ယနေ့ (ဩဂုတ် ၃ ရက်) တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ တွေ့ဆုံမှုကို လွတ်လပ်ခွင့်ဆုံးရှုံးနေသူများထံသို့ သွားရောက်တွေ့ဆုံလည်ပတ်ခြင်းဆိုင်ရာ ICRC ၏ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
၂၀၂၆ ခုနှစ် ဩဂုတ် ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံ စကားပြောဆိုခွင့်လည်း ပါဝင်ခဲ့ကြောင်း ICRC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ICRC ၏ လုပ်ငန်းဆောင်ရွက်ပုံနည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အကျဉ်းထောင်သို့ သွားရောက်လည်ပတ်မှုများတွင် မိသားစုများနှင့် မိသားစု သတင်းစကားများ ပေးပို့ဖလှယ်နိုင်မည့် အခွင့်အလမ်းလည်း ပါဝင်ကြောင်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်က “ ဒီနေ့ဟာ မျှော်လင့်ချက်ကို ယူဆောင်လာပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကျွန်တော် ကြိုဆိုပါတယ်။ ဒီသတင်းကို အတည်ပြုနိုင် မယ်ဆိုရင်တော့ ဒါဟာ ငါးနှစ်ကျော်အတွင်း မေမေနဲ့ ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှု ဖြစ်ပါလိမ့်မယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
အားလုံး၏ အသံထွက်ပြောဆိုကြိုးပမ်းပေးမှုနှင့်အတူ အာဆီယံ၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားပေးမှုကြောင့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ကိစ္စသည် နိုင်ငံတကာ၏ အာရုံစိုက်မှုအောက်တွင် ဆက်ရှိနေနိုင်ခဲ့သည်ဟု ကင်မ်အဲရစ်က ဆိုသည်။
ယခု ကိစ္စရပ်သည် အရေးပါသည့် ပထမခြေလှမ်းဖြစ်ပြီး နောက်ဆုံးခြေလှမ်းမဖြစ်စေရကြောင်း၊ လက်ရှိ အခြေအနေမှ လူသားချင်းစာနာမှုဆိုင်ရာ တိုးတက်မှုများ ဆက်လက်ဖြစ်ပေါ်လာရန် မိမိအနေဖြင့် မျှော်လင့်ကြောင်း ဆိုသည်။
ဒါ့အပြင် မိခင်ဖြစ်သူနှင့် တိုက်ရိုက်စကားပြောခွင့်ရရှိရေး၊ မိသားစုနှင့် တွေ့ဆုံခွင့်ရရှိရေး၊ မိခင်၏ ကျန်းမာရေးအခြေအနေကို ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်သည့် သတင်းအချက်အလက်ရရှိရေးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးနှင့်အတူ မိခင်ဖြစ်သူကို ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရေးတို့ ပါဝင်ကြောင်း ကင်မ်အဲရစ်က ဆိုသည်။
ICRC သည် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် သွားရောက်နိုင်ခွင့်ကို ထိန်းသိမ်းထားရန်နှင့် ပိုမိုကျယ်ပြန့်စွာ သွားရောက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်လက်ထိတွေ့ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်အများအပြားကို စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။



