၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးစနစ်များသည် နေရာစုံ ဒေသစုံ ပျက်စီးယိုယွင်းလာခြင်းကြောင့် အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုအခြေအနေနှင့်ပတ်သက်၍လည်း ကျူးလွန်သူများကို အခွင့်အရေးပေးနေသကဲ့သို့ ဖြစ်စေပါသည်။ ထို့အပြင် အကြမ်းဖက်ခံရသည့် ကလေးသူငယ်တိုင်း၊ အမျိုးသမီးတိုင်းသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ (၁၀၀) ရာခိုင်နှုန်း ထိခိုက်ရသဖြင့် ဘေးကင်းလုံခြုံမည့် နေရာသို့ ရှောင်ရှားရန်နှင့် စိတ်ဓာတ်ရေးရာ ကူညီပံ့ပိုးရန် အမြန်ဆုံး လုပ်ဆောင်ပေးရမှာလည်းဖြစ်သည်။ ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး အမျိုးသမီးနှင့် ကလေးသူငယ်အရေးလှုပ်ရှားနေသူ “မိ” အဖွဲ့ရဲ့ ပရိုဂရမ်ဒါရိုက်တာ မိဟံသာထောကို သတင်ထောက် ကညန်းမှ ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ လက်ရှိအနေအထားအရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအခြေအနေနဲ့ပတ်သက်ပြီး ပြဿနာကို ဘယ်လိုဖြေရှင်းနေကြတာရှိပါသလဲ။
ဖြေ။ ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကို အခြေခံပြီးတော့မှ ကြည့်မယ်ဆိုရင် တရားဥပဒေစိုးမိုးမှုက နည်းလာတယ်။ ပြည်သူတွေလည်း ဘယ်နေရာမှာ တိုင်ကြားရမလဲ၊ အုပ်ချုပ်ရေးစနစ်တွေလည်း ယိုယွင်းပျက်စီးလာတော့ တိုင်ကြားဖို့ ခက်လာတယ်။ အရေးယူဖို့ နည်းလာတာနဲ့ တစ်ဆက်တည်းမှာပဲ ကျူးလွန်သူတွေအတွက် အခွင့်အရေးဖြစ်လာတယ်။ ဒေသစုံမှာ အဖြစ်များလာတယ်။ ထုတ်ပြောတာနဲ့ မထုတ်ပြောကြတာပဲ ရှိတယ်။ အချို့ကျ တရားမျှတမှုရဖို့အတွက် ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတာကို ဖော်ထုတ်ပြီး နည်းလမ်းရှာတာလည်းရှိတယ်။ အချို့ကျ ဒီအတိုင်းပဲ တိတ်ဆိတ်လိုက်တယ်။ အချို့ဒေသမှာဆို နှစ်ဦးနှစ်ဖက် ဖြေရှင်းလို့ အဆင်ပြေသွားတာမျိုးလည်း ရှိတယ်။ များသောအားဖြင့် နယ်ဘက်၊ ရွာဘက်မှာဆိုရင် ခေတ်ကာလနဲ့အခြေခံပြီးတော့ ပြဿနာကို အဆင်ပြေသလို ကြိုက်သလို ဖြေရှင်းနေတာမျိုးလည်း ရှိပါတယ်။
မေး။ ။ ပဋိပက္ခဖြစ်နေတဲ့နေရာဒေသ ဒါမှမဟုတ် နယ်မြေထိန်းချုပ်မှု ရောနှောနေတဲ့ဒေသမှာဆိုရင် ကျူးလွန်ခံရသူတွေ တိုင်ကြားဖို့ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့နေရတာရှိလဲ။
ဖြေ။ ။ တရားဥပဒေစိုးမိုးမှုမရှိတော့ EROs ဘက် တိုင်ကြားလိုက်ရင်လည်း ဒီလူက EROs နဲ့ ဆက်စပ်နေသလားဆိုပြီးတော့ စကစက ပြန်ပြီး စွပ်စွဲခံရနိုင်၊ ခြိမ်းခြောက်ခံရနိုင်တဲ့အနေအထားရှိသလို စကစဘက်ကို တိုင်ကြားဖို့လည်း ဘယ်မှာသွားတိုင်ရမလဲဖြစ်နေတာ ရွေးချယ်ရခက်နေတာမျိုး ရှိပါတယ်။ တစ်ဖက်ဖက်ကို တိုင်လိုက်ရင်လည်း ကိုယ့်အတွက် ဘယ်လိုမလုံခြုံမှုတွေ ရှိလာနိုင်မှာလဲဆိုတဲ့ စိုးရိမ်ချက်တွေ ရှိလာတယ်။ ဆိုတော့ သူတို့အနေနဲ့ တရားမျှတမှုရဖို့ တိုင်ကြားဖို့ထက် လုံခြုံရေးကိစ္စကို အရင်ဆုံး တွေးတောနေရတာက တစ်ကြောင်း၊ နောက်ပြီး အမျိုးသမီးအရေး လှုပ်ရှားသူတွေဆိုလည်း သူတို့ကိုယ်တိုင်က လုံခြုံရေးကို စိုးရိမ်နေရတဲ့ကာလ အရင်လိုမျိုး ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နိုင်မှာ မဟုတ်တော့ အဖွဲ့အစည်းကို အားကိုးလို့လည်း မရဘူးဖြစ်နေတယ်။ နောက်တစ်ခုကတော့ ရွာမှာဆို Risk case တစ်ခုခုဖြစ်ရင် အရင်ဆုံး တိုင်ကြားရင် အုပ်ချုပ်ရေးမှူးကိုပေါ့။ ဒီကာလဆို တိုင်ကြားဖို့နေနေသာ အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်က ရှောင်နေရတာမျိုးရှိတယ်။ ကျမတို့အတွေ့ကြုံအရဆို တစ်ခုခုဖြစ်ရင် သက်သေအချက်အလက် စုဆောင်းတာတွေ လုပ်ဖို့ဆိုလည်း တစ်ယောက်ယောက်ကလာပြီး ခြိမ်းခြောက် ရန်ပြုမှာကို စိုးရိမ်ပြီးတော့ ဒီအတိုင်းတိတ်ဆိတ်လိုက်ရင် ပိုပြီးလုံခြုံမလားဆိုပြီး သက်သေ ဖျက်လိုက်တာမျိုးတွေ တရားစီရင်တဲ့အခါ အထောက်အထား မရှိတော့တာမျိုး၊ လမ်းပျောက်နေတဲ့ အနေအထားပါပဲ။ ကိုယ့်အားကိုယ်ကိုးပဲ ကိုယ့်လုံခြုံရေးအတွက်တောင် ဘယ်လိုတာဝန်ယူရမလဲဆိုတောင် မသိထားရင် များသောအားဖြင့် တရားမျှတမှု မရကြဘူး။

မေး။ ။ ကျူးလွန်ခံရသူတွေအနေနဲ့ တရားမျှတမှုရရှိဖို့အတွက် တိုင်ကြားတဲ့နေရာမှာ ဘယ်လိုအချက်တွေ သိထားသင့်ပါသလဲ။
ဖြေ။ ။ အရင်ဆုံး အကြမ်းဖက်မှုဆိုင်ရာ awareness ဗဟုသုတတွေ နားလည်ထားရမယ်။ ဖြစ်လာခဲ့ရင် ကိုယ်ကအကြမ်းဖက်ခံလိုက်ရပြီးဆို ကိုယ့်အတွက် လုံခြုံနိုင်တဲ့နေရာ၊ ဘယ်သူ့ကိုယုံ ကြည်လို့ရမလဲဆိုတာ အုပ်ချုပ်ရေးမှူးလား၊ ရပ်ကွက်ထဲမှာ ပြောနိုင်ဆိုနိုင်တဲ့သူတွေကိုလား၊ အရင်ဆုံး အကြံယူရတယ်၊ ကိုယ်တကယ်အကြမ်းဖက်ခံရရင် ဆေးမှတ်တမ်း အထောက်အထား အချက်အလက်တွေ ရှိထားရတယ်၊ အမျိုးသမီးအရေး လှုပ်ရှားသူတွေ ပေါ်ပေါ်ထင်ထင်မဟုတ်ပေမဲ့ လုပ်ဆောင်နေကြတာမျိုးလည်းရှိတယ်၊ သူတို့နဲ့ အချိန်မီဆက်သွယ် ချိတ်ဆက်နိုင်ဖို့ ဒါတွေကို အရင်ဆုံးလုပ်ဆောင်နိုင်ရင် ကိုယ့်အတွက် ပိုကောင်းတာပေါ့နော်။
နောက်ပြီးတော့ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ကျူးလွန်ခံရတာနဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော Automatic ၁၀၀ ရာခိုင်နှုန်း ထိခိုက်ပြီးသားပဲ။ စိတ်ပိုင်းဆိုင်ရာမှာ ကလေးတွေဆို အဆိုးဆုံး ဖြစ်နိုင်တယ်။ သူတို့က လူကြီးတွေလို စိတ်ကို ဖြေသာ ဖြေသိမ့်လို့ မတတ်ကြဘူး။ အဲ့လိုတွေဆို အမျိုးသမီးအရေး လှုပ်ရှားသူတွေလည်း အရင်လို တက်တက်ကြွကြွ မလုပ်နိုင်သော်လည်း Psycho social support တွေ ကြောက်လန့်ထိတ်လန့်တာတွေ ဖြစ်နေတာမျိုးဆိုရင် ကြောက်လန့်စိတ်တွေ လျော့ကျသွားအောင် အကူအညီပေးနိုင်တယ်။ ကိုယ်နေတဲ့နေရာ ကိုယ့်ဇာတိ၊ ကိုယ့်အိမ်ဆိုပေမဲ့လည်း မလုံခြုံဘူးလို့ ခံစားရရင် ဆက်နေ နေရင်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပိုပြီးဖြစ်စေတယ်။ ရှောင်ရမယ်။ မဟုတ်ရင် ခြိမ်းခြောက်ခံရမှု၊ အကြမ်းဖက်ခံရမှုတွေ တစ်စကနေ နှစ်စ ဖြစ်သွားစေမယ်။ ဒီကနေ့ အခြေအနေအရဆို တရားစီရင်ရေးတွေလည်း မရှိနေဘူး။ လုံခြုံတဲ့နေရာ၊ အဖွဲ့အစည်းတစ်ခုခုကို ဆက်သွယ်ချိတ်ဆက်တာက အဆင်ပြေဆုံးဖြစ်ပါတယ်။
မေး။ ။ နောက်တခုက ကျူးလွန်ခံရသူတွေရဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ မလိုအပ်ဘဲ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာတာတွေ ရှိနေပါတယ်၊ ဒီအပေါ်မှာရော ဘယ်လိုမှတ်ချက်မျိုး ပေးချင်ပါသလဲ။
ဖြေ။ ။ မီဒီယာသုံးစွဲရာကနေပုံ၊ ဗီဒီယိုတွေ လိုင်းမှာ ပြန့်သွားရင် ကြောက်တာပေါ့နော်။ များသောအားဖြင့် မိဘတွေဆိုလည်း ကလေးတွေနဲ့ ဆက်ဆံတာက လူကြီးဆိုတဲ့အတိုင်း ကြောက်အောင်၊ လေးစားအောင်၊ ကလေးနဲ့ပြောဆိုတာလည်း မာနေတာမျိုး အဖော်မလုပ်ပေးဖြစ်ဘူး အဲ့လိုများတယ်။ အဲ့တာနဲ့ ကလေးတွေ သူတို့မှာ ကိစ္စတစ်ခုခုဖြစ်လာပြီးဆိုရင် မိဘကို အရင်ဆုံး မဖွင့်ပြောဘဲ ဖြစ်သွားတယ်။ အခုနောက်ပိုင်း ဆိုရှယ်မီဒီယာမှာ တော်တော်များများ မိန်းကလေးတွေ အကြမ်းဖက်ခံရတယ်။ သူတို့ပုံတွေကို အသုံးချပြီးတော့ ပိုက်ဆံတောင်းတာတို့ သူတို့ကို လာမတွေ့ရင်လည်း ခြိမ်းခြောက်တာတို့ လာတွေ့ရင်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်သွားစေတယ်။ ကျမတို့အမျိုးသမီးအရေးလှုပ်ရှားသူတွေအနေနဲ့ ၂၀၂၅ က ၁၆ ရက်တာလှုပ်ရှားမှုတွေကို ဆယ်ကျော်သက် မိန်းကလေး၊ ယောကျာ်းလေးတွေကိုပါ ဆိုရှယ်နဲ့ဆိုင်တဲ့ အသိပညာပေးမှုတွေ လုပ်ပေးဖြစ်တယ်။ နောက်တစ်ခုကတော့ ကိုယ့်ဗီဒီယိုကို တင်ထားရင် ဘယ်လိုတွေ ပြန်ပြီးတော့ report ထုရလဲ issue တွေ category တွေ လုပ်သင့်သလဲဆိုတာကအစ လှုပ်ရှားဖြစ်တယ်။
မေး။ ။ အသက်မပြည့်သေးတဲ့ကလေးငယ်တွေကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျူးလွန်ခဲ့ရင် ပြစ်မှု၊ ပြစ်ဒဏ်တွေက ဘယ်လောက်အထိ ချမှတ်ပိုင်ခွင့်ရှိပါသလဲ။
ဖြေ။ ။ အရေးကြီးတာက သူတို့အသက်မပြည့်ဘူးဆိုတာနဲ့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အကြမ်းဖက်ကျူးလွန်လို့ မရဘူး။ ဥပဒေဆိုတာထက် ကလေးကို ကျူးလွန်လို့ မရဘူးဆိုတဲ့ကိစ္စက ကိုယ့်ခေါင်းထဲမှာ ထည့်ထားတတ်ဖို့က ပိုအရေးကြီးတယ်။ ဒါပေမဲ့ ဒီကာလ ဒီအချိန်အခါမှာ အသက် ၁၈ နှစ်အောက် ကလေးတွေအပေါ် အကြမ်းဖက်လို့ မရဘူးဆိုတဲ့အသိတွေ ဗဟုသုတတွေ မရှိကြတော့ဘူး။ အမျိုးသမီးအရေးလှုပ်ရှားသူ CSO တွေဆိုလည်း အသိပညာပေးဖို့ လှုပ်လို့ မရဘူးဆိုတဲ့ အခြေအနေမျိုးရှိတော့ ခက်တယ်။ အဲဒီလို ကိုယ်အကြမ်းဖက်လို့ရ မရ၊ သင့် မတင့် ဆိုတဲ့အသိဉာဏ် ခေါင်းထဲမှာ ဦးနှောက်ထဲမှာ မရှိလာတော့တာကြောင့် ဒီလိုအမှုတွေ ပိုဖြစ်လာတယ်။ ကလေးတစ်ယောက်ဆိုတာ သူတို့ကို အကာအကွယ်ပဲ ပေးရမယ်။ အကြမ်းဖက်မှု မဖြစ်အောင် ဘယ်လိုကြိုတင် ကာကွယ်ရမလဲ အဲဒီလိုအသိ ဦးနှောက်တွေ ရှိသင့်တယ်။ ကျမတို့နိုင်ငံမှာဆိုရင် ကြိုက်သလို ဖြစ်နေတယ်။ ၁၈ နှစ် မပြည့်တာနဲ့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကိုယ်ကျူးလွန်လိုက်ရင် ထောင်ဒဏ် ဘယ်လိုသေသေချာချာသတ်မှတ်ထားတာတော့ မရှိဘူး အခြေအနေပေါ်မူတည်ပြီးတော့ နှစ်ရှည်ထောင်ဒဏ် ဖြစ်ရင်လည်း ဖြစ်မယ်၊ တစ်သက်တစ်ကျွန်း ဖြစ်ရင်ဖြစ်မယ်။ မုဒိမ်းမှုတွေဆိုရင် များသောအားဖြင့် အနှစ် ၂၀ လောက်နဲ့ပဲ ပြစ်ဒဏ်ချမှတ်နေကြတာ တွေ့ရတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်တာရှိပါသလဲ။
ဖြေ။ ။ “မိ” မှာဆိုရင် GBV guide line ဆိုပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး လမ်းညွှန် စာအုပ်ပေါ့နော် အဲ့ဒီအထဲမှာဆိုရင် ဒီကနေ့ အချိန်ကာလအပေါ်မူတည်ပြီးတော့ မွန်ပြည်သစ်စိုးမိုးနယ်မြေမှာ ဒီလိုကိစ္စမျိုးဖြစ်လာခဲ့ရင် အရင်ဆုံး ဘယ်လိုလုပ်ဆောင်ရမလဲ။ အမှုတွေ ဘယ်လိုစီရင်ရမလဲ လုံခြုံတဲ့နေရာကို ဘယ်လိုသွားရမလဲ အကြံအဉာဏ်တွေတောင်းပြီးတော့ step by step ဘယ်လိုလုပ်ရမလဲ ပထမအဆင့် ဒုတိယအဆင့် ပညာပေးမှုတွေ မွန်ပြည်သစ်ပါတီနယ်မြေမှာဆို ကျန်းမာရေးကိစ္စဆို ဘယ်လိုသွားရမလဲ။ အမှုနဲ့ပတ်သက်ပြီး ဘယ်မှာတိုင်ကြားရမလဲ။ အကူအညီရဖို့ဆို ဘယ်လိုတောင်းခံရမလဲ ဆိုပြီး ဒေသအပေါ် မူတည်ပြီးတော့ ညွှန်ပေးတယ်။ Mixed control ဆိုရင် ဘယ်လိုရွေးချယ်တိုင်ကြားရမလဲဆိုတာကို အသိပညာပေးတာတွေ လုပ်ပေးနေတာတွေရှိပါတယ်။



