Home သတင်း စစ်အုပ်စုနှင့် အပေါင်းအပါ DKBA BGF တို့က ကျားဖြန့်များကို ဟန်ပြနှိမ်နင်းနေဟု KNU ထုတ်ပြန်

စစ်အုပ်စုနှင့် အပေါင်းအပါ DKBA BGF တို့က ကျားဖြန့်များကို ဟန်ပြနှိမ်နင်းနေဟု KNU ထုတ်ပြန်

စစ်အုပ်စုနှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ နယ်ခြားစောင့်တပ် BGF တို့က ကျားဖြန့်များကို ဟန်ပြနှိမ်နင်းနေခြင်းသာဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။

စစ်တပ်က ကျောက်ခတ်ဒေသရှိ ကျားဖြန့်များကိုနှိမ်နင်းရှင်းလင်းလိုက်ကြောင်း ထုတ်ပြန်ထားသော်လည်း ထိုနေရာသည် ကျောက်ခတ်မှ ၃၆ မိုင်ခန့် ကွာဝေးသည့် ဖလူးလေးတောင်ကြော၏ အနောက်ဘက်ခြမ်း DKBA စစ်ဦးစီး အရာရှိချုပ် ကြီးကြပ်သော နေရာရှိ ကျားဖြန့်ဝင်းသာဖြစ်သည်ဟု KNU က ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုနေရာသည် KK park နှင့် ရွှေကုက္ကိုရှိ ကျားဖြန့်များကို စစ်တပ် ဟန်ပြရှင်းလင်းခဲ့ချိန်က ပြောင်းရွှေ့လာကြသည့် ကျားဖြန့်လုပ်ငန်း ကွက်သစ်များအနက်မှ တစ်ခုမျှသာဖြစ်သည်ဟု ဆိုသည်။

ကျောက်ခတ်သည် ထိုင်းနယ်စပ်နှင့် ကပ်လျက်ရှိပြီး အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားသည့် DKBA ထိပ်တန်းအရာရှိလည်းဖြစ်၊ စီးပွါးရေးတာဝန်ခံလည်းဖြစ်သည့် ဗိုလ်ချုပ်စိုင်းကျော်လှ ကြီးကြပ်မှုအောက်ရှိ “Tai Chang” အွန်လိုင်းငွေလိမ်ခြံဝင်းကြီးဟု နိုင်ငံတကာအထိ နာမည်ဆိုးဖြင့် ကျော်ကြားသည့် နေရာတစ်ခုဖြစ်သည်။

နိုင်ငံတကာက အာရုံစိုက်ပြီး အရေးယူရန်ရှိသော ကျောက်ခတ်ကျားဖြန့်ဝင်းကို စစ်တပ်က ယောင်ဆောင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု KNU က ဆိုထားသည်။

စစ်တပ်နှင့် BGF၊ DKBA တို့၏ ကျားဖြန့်များကို ဟန်ပြစီးနင်းခြင်း၊ ရာဇဝတ်လုပ်ငန်းများကို ဦးဆောင်သူမဟုတ်သည့် ခိုင်းစေခံရသူများကိုသာ ဖမ်းဆီးပြခြင်း၊ ကြိုတင်ဖယ်ရှား နေရာချပြီးမှ အဆောက်အဦးများကို ဖြိုချဖျက်ဆီးပြခြင်းတို့သည် ကျားဖြန့်များကို အမြစ်ပြတ် နှိမ်နင်းခြင်းမဟုတ်ပဲ ကရင်ပြည်နယ်နှင့် အခြားဒေသများသို့ ကျားဖြန့်လုပ်ငန်းများ ပြန့်ပွါးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟုလည်း ဆိုသည်။

DKBA နှင့် BGF ၏ ကာကွယ်ထောက်ပံ့မှုဖြင့် ထိုင်းနယ်စပ်နှင့် ဝေးသော အတွင်းပိုင်းနေရာသို့ ကျားဖြန့်များ အစုလိုက်အပြုံလိုက် ဝင်ရောက်လာသဖြင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝ လုံခြုံရေးကို ကြီးစွာ ခြိမ်းခြောက်နေသည်ဟု ထုတ်ပြန်ချက်တွင် KNU က ဆိုထားသည်။

KNU အနေဖြင့် မိမိတို့ အုပ်ချုပ်နယ်မြေများတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် အခြားရာဇဝတ်မှုများကို လုံးဝသည်းခံမည်မဟုတ်ပဲ KNU ၏ ရာဇဝတ်မှုဥပဒေအရ အရေးယူသွားမည်ဖြစ်ဟု ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။

Enable Notifications OK No thanks