မွန်-ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု သံသယရှိသည့် ဒေသခံများကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့က ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၂ -၂၃ရက်နေ့အတွင်းက ဂျိုင်းမြစ်ဒေသ ခရစ်ကျောက်တန်းကျေးရွာအုပ်စုရှိ မွန်လှိုင်ကျေးရွာမှ အတွင်းရေးမှူးတစ်ဦး၊ ရွာခံ အမျိုးသားတစ်ဦးနှင့် ကျိုက်ခဘင်ရွာအနီးရှိ ကော့ဗီကျေးရွာမှ အမျိုးသားတစ်ဦးတို့ကို ဒေသတွင်းလှုပ်ရှားနေသည့် DKBA အဖွဲ့က နေအိမ်အတွင်းသို့ လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူတို့သည် ကျေးရွာအတွင်းရေးမှူးဖြစ်သူ နိုင်အနိုင်၊ ရွာခံ နိုင်ခင်မောင်သန်းနှင့် နိုင်အဒါတို့ဖြစ်ကြပြီး ၎င်းတို့အား မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဆက်စပ်နေသည်ဟု သံသယရှိကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဂျိုင်းမြစ်ဒေသခံတစ်ဦးက ပြောသည်။
“သူတို့သုံးယောက်စလုံးက သူငယ်ချင်းတွေပဲလေ။ အဲ့ဒီအတွင်းရေးမှူးဆို နာမည်ကောင်းရှိတဲ့သူလို့ ကျွန်တော်တို့ သိထားကြတာပါ၊ ဒါမဲ့ သူတို့က သံသယရှိလို့ ဖမ်းသွားတယ်လို့တော့ ပြောတာပဲ။ နိုင်အဒါမှာဆို ဆေး ၂ ထုပ်နဲ့ သေနတ်တစ်လက်တွေ့တယ်လို့ ကြားရတယ်”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဧပြီလက DKBA ဒေါနအနောက်ခြမ်း အမှတ် (၂)၊ ကွပ်ကဲရေးနည်းဗျူဟာ (၂) မှ မည်သူမဆို တရားမဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအား လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေး အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုနောက် DKBA သည် ဂျိုင်းမြစ်တစ်လျှောက်ရှိ ကျေးရွာများတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟုဆိုကာ စစ်ဆေးရေးနှင့် ဖမ်းဆီးရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေပြီး သံသယရှိသူများကို ခေါ်ယူစစ်ဆေးခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
၎င်းအပြင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ကော့ကရိတ်မြို့နယ်ရှိ ကမ်းနီ၊ တံတားဦး၊ ကော့လျှံကျေးရွာအသီးသီးမှ မူးယစ်ဆေးဝါးလက်ဝယ်ကိုင်ဆောင်ထားသည့် အမျိုးသား ၃ ဦးကို သက်သေနှင့်တကွ DKBA အဖွဲ့တို့က တစ်ရက်တည်း ဖမ်းဆီးခဲ့သေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ကမ်းနီရွာကဆို အလုံးရေ ၄၀၀ လောက် ဖမ်းမိသွားတယ်။ တံတားဦးတစ်ယောက်ဆို အလုံး ၈၀၀ ဝန်းကျင်လောက်၊ ကော့လျှံကတော့ ဘယ်နှစ်လုံးလဲဆိုတာ သေချာမသိဘူး။ အဲ့သုံးရွာကလည်း တစ်ဆက်တည်းပဲ” ဟု ၎င်းက ဆိုသည်။
ယခင်က ဖမ်းဆီးခံရသူတို့ကို ပိုင်ရပ်ကျေးရွာရှိ DKBA စခန်းတွင် ထိန်းသိမ်းထားလေ့ရှိသော်လည်း လက်ရှိ ဖမ်းဆီးခံရသူတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို လွတ်လပ်သောမွန်သတင်း အေဂျင်စီအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့ကလည်း ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲနေသည့် ရွာခံ လူငယ် ၄ ဦးကို DKBA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးထိန်းသိမ်းထားစဉ် လူငယ်တစ်ဦး သေဆုံးသည့်ဖြစ်စဥ်လည်း ရှိခဲ့သေးသည်။
ထိုကြောင့် မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်ရန် လိုအပ်ကြောင်း လက်ခံသော်လည်း ဖမ်းဆီးစစ်ဆေးမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ကြောင်း ဒေသခံအချို့ သုံးသပ်ပြောဆိုနေကြသည်။



