Homeဆောင်းပါးမတရားစစ်မှုထမ်းဥပဒေနှင့် ပျောက်ဆုံးသွားသော လူငယ်အရင်းအမြစ်

မတရားစစ်မှုထမ်းဥပဒေနှင့် ပျောက်ဆုံးသွားသော လူငယ်အရင်းအမြစ်

-

သတင်းဆောင်းပါး – ကညန်း

နိုင်ငံတစ်နိုင်ငံ သို့မဟုတ် ဒေသတစ်ခု၏ အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်နေသည့် အဓိကအင်အားသည် “လူငယ်အရင်းအမြစ်” ဖြစ်သည်။  

သို့သော် ယနေ့ မြန်မာနိုင်ငံတွင်မူ ထိုအင်အားစုမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ မတရား စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီး ၂ နှစ်ကျော်ကာလအတွင်း ကျေးလက်နှင့် မြို့ပေါ်ရှိ လူငယ်ဦးရေမှာ သုညအမှတ်သို့ ဦးတည်လာနေသည်။  

ဒါဟာ စစ်မြေပြင်သို့ အတင်းအဓမ္မ စေလွှတ်ခံရသည့် အန္တရာယ်တစ်ခုတည်း မကဘဲ တစ်နိုင်ငံလုံး၏ ဉာဏနှင့် ကာယစွမ်းအားများ တစ်စတစ်စ အမြစ်ပြတ်သွားစေနိုင်သည့် ရေရှည် အန္တရာယ်ဆိုးကြီးလည်း ဖြစ်သည်။  

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာများအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်မက်ဖြစ်ပွားမှု၊ လူမှုစီးပွား ပျက်စီးယိုယွင်းမှုများနှင့် စစ်မှုထမ်းဥပဒေတို့ကြောင့် မြန်မာနိုင်ငံမှ လူငယ်ပေါင်း ၃ သိန်းမှ ၅ သိန်းအထိ ပြည်ပနိုင်ငံများသို့ အလုံးအရင်းဖြင့် ထွက်ခွာသွားခဲ့ကြသည်။  

အဓိကအားဖြင့် ပညာတတ် မွန်လူငယ်များ ပြည်တွင်းတွင် မိမိသင်ယူထားသည့် ပညာများနှင့် မကိုက်ညီသည့် ပြည်ပလုပ်ငန်းခွင်သို့ ရောက်ရှိသွားကြသဖြင့် မွန်လူထုအတွက် ထိခိုက်နစ်နာမှုများစွာ ရှိလာကြောင်း မွန်လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။  

“ပညာတတ် လူငယ်တွေ ပြည်ပမှာ ကိုက်ညီတဲ့အလုပ်ကို ရွေးခွင့်မရဘဲ 3D (Dirty, Dangerous, Demanding) အလုပ်တွေကိုပဲ လုပ်ရတယ်။ လူငယ်တွေက ဉာဏစွမ်းအားကို အားမပြုရတဲ့အတွက် ဖန်တီးစွမ်းရည်ကျတာတွေက နစ်နာမှုဖြစ်စေတယ်။ ဒါက မွန်လူထုအတွက်ရော အဖွဲ့အစည်းအတွက်ရော မကောင်းတဲ့ဟာပေါ့နော်။” ဟု ၎င်းကပြောသည်။  

လူငယ်လုပ်သား လျော့နည်းသွားခြင်း၏ ရိုက်ခတ်မှုကြောင့် ယခုနှစ် မွန်ပြည်နယ်တွင် မိုးစပါးစိုက်ပျိုးနိုင်သည့် တောင်သူဦးရေ လျော့ကျသွားခဲ့ပြီး လယ်မြေဧကများစွာကိုလည်း မစိုက်ပျိုးနိုင်ဘဲ ပစ်ထားခဲ့ကြရသည်။  

မိုးစပါးစိုက်ပျိုးရာတွင် သွင်းအားစုစရိတ် မြင့်တက်မှုကြောင့် ဆက်လက်လုပ်ကိုင်ရန် အခက်တွေ့နေရသည့်အပြင် အဓိက လယ်ယာလုပ်သား အင်အား ရုတ်တရက် ရှားပါးသွားခြင်းကလည်း တောင်သူများအတွက် ရင်ဆိုင်ဖြေရှင်းရခက်သည့် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာသည်။  

ယခင် စစ်မှုထမ်းလူအစားထိုးစနစ်မှ နောက်ပိုင်းတွင် မဲနှိုက်စနစ်အပြင် ပေါ်တာဆွဲခြင်းနည်းများအဖြစ်သို့ ပြောင်းလဲလာခဲ့ခြင်းသည် လူငယ်များ ပြည်ပရောက်စေသည့် တွန်းအားတစ်ခုဖြစ်နေသည်။  

ထို့ကြောင့် ပြည်ပကို မထွက်ခွာလိုသည့်တိုင် လုံခြုံရေးအခြေအနေအကြောင်းအရင်းတစ်ခုတည်းဖြင့် ထွက်ခွာနေသူများ ပိုများကြောင်းလည်း ချောင်းဆုံမှ လူငယ်တစ်ဦးက ဆိုသည်။  

“စစ်မှုထမ်းဆိုတာ မတရား ဖမ်းဆီးတာပါပဲ။ စစ်မြေပြင်ရောက်ရင် အသက်အန္တရာယ် ဖြစ်နိုင်သလို ကိုယ်ရောစိတ်ရော ဘာမှမလုံခြုံဘူး။  ပြည်တွင်းမှာ ကျန်ခဲ့တဲ့ လူငယ်တွေရဲ့ ဘဝက နေလည်းမထူး သေလည်းမထူး ပုံစံဖြစ်ကုန်ပြီ” ဟု ဆိုသည်။  

ရရာနည်းဖြင့် ထွက်ခွာကြသဖြင့် လူငယ်များအတွက် အလုပ်အကိုင်ရွေးချယ်ခွင့်မရှိဘဲ ခေါင်းပုံဖြတ်ခံနေရသည့် အခြေအနေများစွာရှိကြောင်းလည်း ဆိုသည်။  

ရေးနှင့် မော်လမြိုင်မြို့နယ်တွင် စစ်မှုထမ်း လူဦးရေပြည့်ရန် ကျဘမ်းအလုပ်သမားများကို စည်းရုံးဝယ်ယူခြင်း၊ လမ်းပေါ်တွင် လူငယ်များကို ပေါ်တာဆွဲခြင်းများ အများဆုံးလုပ်ဆောင်သည်။  

ငွေကြေးတတ်နိုင်သူများနှင့် အဆက်အသွယ်ရှိသူများမှာ ပြည်ပသို့ တိမ်းရှောင်နိုင်ကြသော်လည်း အခြေခံလူတန်းစားများ၊ နေ့စားကျဘမ်း လုပ်သားများမှာမူ စစ်မှုထမ်းစုဆောင်းခြင်း၏ အဓိက ပစ်မှတ်များ ဖြစ်လာခဲ့ရသည်။  

မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုမှ လူငယ်တစ်ဦးက “ဒီဥပဒေဟာ စစ်အင်အားကို မတရားနည်းနဲ့ ရယူပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ လုပ်ထားတာ ဖြစ်တယ်။ ဒီစစ်အစိုးရ ရှိနေသမျှ ကာလပတ်လုံး ဒီဥပဒေက ရှိနေဦးမှာပဲ” ဟု သုံးသပ်ပြောဆိုသည်။  

မွန်ပြည်နယ်တွင် စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းဆင်း တပ်သား ၅၀၀ ခန့်ရှိသည့်အနက် ၂ နှစ်ပြည့်မြောက်၍ အိမ်ပြန်ခွင့်ရသူမှာ ၁၄၀ ဦးခန့်သာ ရှိပြီး ကျန်ရှိသည့် လူငယ်များမှာ တာဝန်ဆက်လက်ထမ်းဆောင်နေရခြင်း၊ တိုက်ပွဲတွင် ကျဆုံးခြင်းနှင့် ထွက်ပြေးတိမ်းရှောင်ခြင်းများ ရှိနေသည်။  

အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံအတွင်း လူငယ်ပေါင်း ၁၂၀,၀၀၀ ကျော်ကို အဓမ္မ စစ်မှုထမ်းစုဆောင်းခဲ့ကြောင်း သိရသည်။  

ထို့ကြောင့် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် ဖမ်းဆီးခံရသည့် မြန်မာလူငယ်များ နေရပ်ပြန်ပို့ခံရပါက စစ်မှုထမ်းခိုင်းခံရမည့် အန္တရာယ်ရှိသဖြင့် အတင်းအဓမ္မ နေရပ်ပြန်မပို့ကြရန် (APHR) က တောင်းဆိုထားသည်။  

စစ်မှုထမ်းဥပဒေသည် လူငယ်များ၏ အနာဂတ်ကိုသာမက တစ်နိုင်ငံလုံး၏ အနာဂတ်ကိုပါ ဖျက်ဆီးနေသဖြင့် ပြည်တွင်း၌ ကျန်ရစ်သော လူငယ်များ၏ ဘဝလုံခြုံရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အထူးအလေးထား စောင့်ကြည့်ကူညီပေးကြရန် ဒေသခံလူငယ်များက တိုက်တွန်းနေကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts