Homeသတင်းကျိုက်ထိုရှိ “ထက်”စက်သုံးဆီအရောင်းဆိုင်ကို စစ်အစိုးရ ညွှန်ကြားချက်ဖြင့် အပိတ်ခံရ

ကျိုက်ထိုရှိ “ထက်”စက်သုံးဆီအရောင်းဆိုင်ကို စစ်အစိုးရ ညွှန်ကြားချက်ဖြင့် အပိတ်ခံရ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ “ထက်” စက်သုံးဆီအရောင်းဆိုင်ကို ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် အပိတ်ခံလိုက်ကြောင်း ဒေသခံတို့၏ ပြောကြားချက်အရ သိရသည်။

“ထက်” စက်သုံးဆီအရောင်းဆိုင်တွင် လိုင်စင်မဲ့ယာဉ်များအား စက်သုံးဆီရောင်းချခြင်း၊ အထောက်အထားမရှိပဲ စက်သုံးဆီများကို ပုံများဖြင့် ရောင်းချခြင်းတို့ကြောင့် ပြည်နယ်အစိုးရအဖွဲ့က ပိတ်ခိုင်းလိုက်ခြင်းဖြစ်သည်။

“ထက်” စက်သုံးဆီအရောင်းဆိုင်ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ ၁၉ ရက်နေ့က နှင့် ဆိုင်ပိတ်ကြောင်း စာလာကပ်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“၁၉ ရက်နေ့က ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က လာပြီးတော့ ပိတ်သွားတာ။ စာလည်းကပ်သွားတယ်။ ဆိုင်ပိုင်ရှင်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီးတော့ စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ထိုကဲ့သို့ စက်သုံးဆီအရောင်းဆိုင်အား ပိတ်လိုက်သည့်အတွက် ဒေသတွင်းရှိ စိုက်ပျိုးရေးသမားများနှင့် စက်သုံးဆီဖြင့် အလုပ်လုပ်ကိုင်နေကြရသူများ အခက်အခဲများကြုံတွေ့နေရကြောင်းလည်း ၎င်းက ဆိုသည်။

စက်သုံးဆီအရောင်းဆိုင်များ ရောင်းချရမည့် စက်သုံးဆီခွဲတမ်း လျော့ချလိုက်သည့်အတွက် မွန်ပြည်နယ်တွင် ဇူလိုင်လ ဒုတိယအပတ်ခန့်ကစပြီး  စက်သုံးဆီမလောက်ငှမှုဖြစ်ပေါ်နေသည့်အပြင် စက်သုံးဆီဝယ်ယူရန် အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။  

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ဈေးတင်ရောင်းချခြင်း၊ ဆိုင်ပိတ်ထားခြင်း၊ Scan မဖတ်ဘဲ ရောင်းချခြင်းကြောင့် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီကို အရောင်းဆိုင် ၄ ဆိုင် ယာယီပိတ်သိမ်းခံခဲ့ရသေးသည်။

ထိုစက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့် တရားမဝင် စက်သုံးဆီ ဖြန့်ဖြူးရောင်းချသည်ဆိုပြီး ပြည်နယ်အတွင်း စက်သုံးဆီဖြန့်ဖြူးနေသည့် ရာဇာမင်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးညီညီထွေးတို့ကိုလည်း စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်အရေးယူးခဲ့သည်။

အမှုဖွင့် အရေးယူခံရသည့် စက်သုံးဆီ လုပ်ငန်းရှင်များအနက်မှ ရာဇာမင်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးညီညီထွေးကို မော်လမြိုင်တရားရုံးက ဇူလိုင်လပထမအပတ်အတွင်းက ထောင်ဒဏ် နှစ်နှစ်နှင့်အတူ ငွေဒဏ် ၅ သိန်း ပေးဆောင်ရန် အမိန့်ချမှတ်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts