တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဘုရားသုံးဆူရွာမှထွက်ခွာလာသည့် တပ်သား အင်းအား ၅၀ ခန့်ပါ စစ်ကော်မရှင်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ရေတပ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ဇူလိုင် ၂၃ တွင် ထုတ်ပြန်သည်။
ရာဖူးကျေးရွာသို့ စစ်ကြောင်းချိန်းရန် ဘုရားသုံးဆူရွာဘက်မှ အရပ်သားကားဖြင့် ထွက်ခွာလာသည့် စစ်တပ်ယာဉ်တန်းကို ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရေးဘီလူးတပ်ရင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) ပူးပေါင်းအဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီကြာဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်မှ ရေတပ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၉ ဦးပြင်ထန်ဒဏ်ရာ ရရှိခဲ့သည်။
ရေးဘီးလူးခေါင်းဆောင်က “သူတို့ (စစ်ကော်မရှင်) ဘက်က ကား ၃ စီး အင်အားပေါင်းတော့ ၅၀ လောက် ရှိတယ်။ ကျနော်တို့ မိုင်းခွဲပြီး အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့တာ ရှိတယ်” ဟု ဆိုသည်။
ထို့ကြောင့် စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့ ရှေ့ဆက်မတိုးနိုင်တော့ကြောင်း ရေးဘီလူးခေါင်းဆောင်က ဆက်ပြောသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်စစ်တပ်အဖွဲ့မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး ယနေ့ ဇူလိုင် ၂၃ ရက်နေ့တွင် ပုံမှန်အတိုင်း အခြေအနေငြိမ်သက်နေကြောင်း ရေဖြူဒေသခံတစ်ဦးက ဆိုသည်။
သို့သော် ရာဖူးကျေးရွာ နေအိမ်အချို့တွင် ကာလရှည်ကြာ တပ်စွဲနေထိုင်နေထိုင်နေသည့် စစ်ကော်မရှင်အဖွဲ့များ အနီးတစ်ဝိုက်ကျေးရွာဘက်သို့ နယ်မြေရှင်းလင်းရန် မကြာခဏ လှည့်ပတ်သွားလာနေကာ လမ်းသွားလမ်းလာများကိုလည်း စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း ဆိုသည်။
“ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကလည်း အခုထိ ရာဖူးမှာပဲ အခြေချထားတယ်။ ရွာကနေ မထွက်ကြသေးဘူး၊ ကြာပြီ။ တပ်ဖွဲ့ဝင်တွေက အဲလိုပဲ ဝင်လိုက်ထွက်လိုက် လုပ်နေတာ” ဟု အထက်ပါ ဒေသခံက ပြောသည်။



