ထိုင်း- မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အနီးတွင် ဇူလိုင် ၂၃ ရက်နေ့အထိ စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသော်လည်း ခရိုင်အတွင်းရှိ စာသင်ကျောင်းများ လက်ရှိတွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း ထိုင်းသတင်းဌာန (Thai PBS North) ၏ ဖော်ပြချက်အရ သိရသည်။
နယ်စပ်အနီး တိုက်ပွဲများကြောင့် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာအုပ်စုရှိ စာသင်ကျောင်းအချို့က ယခင်က ဘုန်းတော်ကြီးကျောင်းနှင့် ရွာဓမ္မာရုံတို့တွင် ယာယီရွှေ့ပြောင်းသင်ကြားခဲ့ရာမှ လက်ရှိတွင် မူလကျောင်းဝင်းအတွင်းသို့ ပြန်လည် သင်ကြားနေပြီ ဖြစ်သည်။

ကျောင်းပုံမှန်ပြန်လည်ဖွင့်လှစ်ထားသော်လည်း နယ်စပ်တစ်ဖက်ခြမ်းမှ သေနတ်ကျည်ဆန်အချို့ ထိုင်းဘက်အခြမ်းသို့ ကျရောက်မှုများ ရှိနေသည့်အတွက် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအနေဖြင့် အထူးသတိပြုရန်နှင့် အနီးကပ်စောင့်ကြည့်ရန် လိုအပ်နေသေးသည့် အခြေအနေဖြစ်နေဆဲဖြစ်သည်။
ကျောင်းသားများ၏ လုံခြုံရေးအတွက် ကျောင်းအာဏာပိုင်များနှင့် ဆရာများက ကလေးငယ်များကို အပြင်ဘက်ထွက် ဆော့ကစားခြင်းမပြုရန်နှင့် အဆောက်အအုံအတွင်း၌သာ နေထိုင်ကြရန် လမ်းညွှန်မှာကြားထားကြောင်း သိရသည်။
ထို့အပြင် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ အရေးပေါ် ခိုလှုံနိုင်ရန်အတွက် ထိုင်းစစ်တပ်က ကျောင်းဝင်းအတွင်း၌ လုံခြုံရေး ဘန်ကာ များကို အခိုင်အမာဆောက်လုပ်ပေးထားသည်။
လက်ရှိ စစ်ရေးအခြေအနေအရ စစ်ကော်မရှင်တပ်ဖွဲ့သည် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်နှင့် ၃ ကီလိုမီတာခန့် ကွာဝေးသော ကရင်ပြည်နယ်၊ ဝေါလေမြိုင်မြို့နယ်ရှိ စခန်းသို့ အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည်။
စစ်ကော်မရှင်စစ်တပ်သည် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များကို လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း လက်ရှိအချိန်အထိ စခန်းကုန်းများကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ စစ်ကော်မရှင်ဘက်မှ တပ်သား အမြောက်အမြား ထိခိုက်သေဆုံးမှု ရှိနေသည်။
တစ်ဖက်တွင်လည်း ထိုင်းအာဏာပိုင်များက နယ်စပ်လုံခြုံရေးအတွက် အင်အားဖြည့်တင်းပြီး စောင့်ကြည့်နေကြောင်း သိရသည်။
ကိုးကား-The Nation



