Homeသတင်းမွန်ပြည်နယ်တွင်လည်း ကုန်ဈေးနှုန်းမြင့်ကြီးမြင့်မှု သိသိသာသာ ရင်ဆိုင်နေရ

မွန်ပြည်နယ်တွင်လည်း ကုန်ဈေးနှုန်းမြင့်ကြီးမြင့်မှု သိသိသာသာ ရင်ဆိုင်နေရ

-

မွန်ပြည်နယ်တွင်  ဇူလိုင်လလယ်ပိုင်းမှစပြီး ပြည်တွင်းအခြေခံစားသောက်ကုန်ဈေးနှုန်းများ တစ်ရိပ်ရိပ် မြင့်တက်လာနေပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို သိသိသာသာရင်ဆိုင်နေရကြောင်း စားသုံးသူနှင့် ရောင်းချသူများက IMNA သို့ ပြောသည်။

အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များနည်းတူ နေ့စဉ်စားသောက်ကုန်တစ်ခုဖြစ်သည့် ကြက်ဥတစ်လုံးဈေး ၇၀၀ မှ ၈၀၀ ကျပ်ဝန်းကျင်အထိ စံချိန်တင်မြင့်တက်နေသည့်အပြင် အသီးအရွက်၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ဟင်းသီးဟင်းရွက်၊ စားသုံးဆီများလည်း မြင့်တက်လျှက်ရှိသည်။

စားသောက်ကုန်ဈေးနှုန်းများသည် မနက်ဖြန်ဈေးကို မခန့်မှန်းနိုင်သည့် အခြေအနေဖြစ်နေပြီး မိသားစုတိုင်း၏ ထမင်းဝိုင်းကို ပိုမိုဖိအားပေးခံနေရကြောင်း သံဖြူဇရပ်ဒေသခံတစ်ဦးက ဆိုသည်။

“ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်ကပဲ တက်လာတယ်။ စက်သုံးဆီချွေတာနဲ့ပြဿနဲ့ ဆီဈေးလည်းတက်လာတယ်။ ကြက်သွန်နီ ၄၀၀၀ ကနေ ၇၀၀၀၊ ကြက်ဉတစ်လုံး ၇၀၀၊ ဆီ ၈၅၀၀ ပုံမှန်ဖြစ်နေပြီး။ တက်ရင်လည်း စားရမှာပဲလေ။ ” ဟု၎င်းကပြောသည်။

ဇွန်လဆန်းပိုင်းမှ ဇူလိုင်၁၅ရက်အထိ တစ်လကျော်အတွင်း ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်အမျိုးအစား အများစု၏ ဈေးနှုန်းများ တစ်အိတ် ၂,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့သည်။

ကုန်ဈေးနှုန်းမြင့်တက်ခြင်း၏ အကြောင်းအရင်းသည် မိုးရွာသွန်းမှုကြောင့် ဒေသထွက်ကုန်များ အပျက်အစီးများပြီး အခြားထွက်ကုန်များ အားကိုးရခြင်းနှင့် သယ်ယူပို့ဆောင်စရိတ်များကြောင့် ဖြစ်သည်ဟုလည်း ကုန်သည်များက သုံးသပ်ကြသည်။

ကုန်စိမ်းရောင်းဝယ်သူတစ်ဦးက “ပစ္စည်းကမပြတ်လပ်ဘူး ယူလို့ရတယ်။ ဒါမဲ့အခြားဒေသကပဲ လာတော့ဈေးပဲကြီးတယ်။ တစ်ဝက်လောက်ဈေးကြီးလာတယ်။ ရုံပတီသီးတို့ ခရမ်းသီးတစ်ပိဿာဆို ၂၀၀၀ ကနေ ၄၀၀၀ ဖြစ်တယ်။ မိုးကြီးတော့ ဟင်းသီးဟင်းရွက်တွေလည်း ပျက်စီးတာလည်းများတော့လေ။ ” ဟု ၎င်းကပြောသည်။

ကြက်ဥဈေးနှုန်း ရာသီကူးပြောင်းချိန်ကြောင့် ကြက်ခြံတို့တွင်ကြက်နာကျခြင်းနှင့် ကြက်အစာ ဈေးနှုန်းမြင့်တက်ခြင်းကြောင့် ကြက်ဥဈေးနှုန်းများ စံချိန်တင်လာသည်ဟု ရောင်းဝယ်သူများက ပြောသည်။

စစ်ကောင်စီ၏ အစိုးရသက်တမ်း ရက် ၁၀၀ ကျော်လာသည့်တိုင် ကုန်ဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်း တိုးတက်နေသည့်ပြဿနာကို ဖြေရှင်းသည့်နည်းလမ်း မထုတ်နိုင်သည်အထိ စီမံခန့်ခွဲမှုညံ့ဖျင်းနေကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“အစိုးရကိုပဲ ပုံချရမှာပေါ့ သူတို့စီမံခန့်ခွဲမှု ညံ့တာပေါ့ ကုန်ဈေးနှုန်းကျအောင် လွှတ်တော်ကို အဆိုတင်သွင်းနေတာပဲ ဘယ်လိုလုပ်မလဲဆိုတဲ့ အစီအစဉ်လည်း မပြောနိုင်ဘူး။ ရက် ၁၀ ေကျော်သွားပေမဲ ကုန်ဈေးနှုန်းအောင် မစီစဉ်နိုင်ဘူး။ ပတ်ချာလည်နေတာပဲ ကုန်ဈေးနှုန်းတက်လိုက် ဆီတက်လိုက် ရှင်းလို့မတတ်ဘူး ရှင်းပုံရှင်းနည်းက မဟုတ်နေဘူး။ တစ်လုံး ၅၅၀ နဲ့ တစ်နေ့ကို တစ်သိန်းရောင်းပေးရုံနဲ့ ဖြေရှင်းနည်းမဟုတ်ဘူး” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပြည်သူများ ဝင်ငွေ ထွက်ငွေ မမျှတခြင်းကြောင့် အခြေခံစားသောက်ကုန်များကို လျှော့ချစားသုံးနေရပြီး စားဝတ်နေရေးအတွက် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရသည်။

အစိုးရအနေဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးကို မည်သို့ စီမံဆောင်ရွက်ပေးမည်ဆိုသည့် ဇူလိုင် ၂၂ ရက်နေ့က ကျင်းပသည့် တတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော်တွင် မေးခွန်းထုတ် မေးမြန်းထားကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts