ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦးအပါအဝင် အကျဉ်းသား စုစုပေါင်း ၅၀၀ ခန့်ကို သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦးအပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို ၁၂ ဘီးမော်တော်ယာဉ်များဖြင့် ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၃ နာရီခွဲဝန်းကျင်အချိန်က သာယာဝတီထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။
အကျဉ်းထောင်အာဏာပိုင်များက ထောင်ပြောင်းရွှေ့ခံရမည့်သူများ၏ နာမည်များကို တစ်ရက် ကြိုတင်ခေါ်ယူကာ ခြေချင်းများခတ်ပြီး သာယာဝတီထောင်သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု PPNM က ထုတ်ပြန်ထားသည်။
ထောင်ပြောင်းရွှေ့စဉ်အတွင်း အကျဉ်းသားတစ်ဦးလျှင် စောင် ၃ ထည်နှင့် အင်္ကျီ ၁ စုံသာ သယ်ဆောင်ခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် ကိုယ်ပိုင်ပစ္စည်းများနှင့် ထောင်ဝင်စာပစ္စည်းများကို ထောင်အာဏာပိုင်များက သိမ်းဆည်းလိုက်ကြောင်းလည်း ဆိုသည်။
အကျဉ်းထောင်များအတွင်း အကျဉ်းသားများကို ခြေချင်းခတ်ခြင်း၊ ကိုယ်ပိုင်ပစ္စည်းများ သိမ်းဆည်းခြင်းနှင့် နံနက်အစောပိုင်းအချိန်တွင် ရုတ်တရက် ထောင်ပြောင်းရွှေ့ခြင်းများသည် အကျဉ်းသားများအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများ စနစ်တကျ ပြုလုပ်နေခြင်းဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။



