Homeသတင်းမွန်လူငယ်များ နေရပ် စွန့်ခွာခြင်း၏ အကျိုးသက်ရောက်မှု

မွန်လူငယ်များ နေရပ် စွန့်ခွာခြင်း၏ အကျိုးသက်ရောက်မှု

-

မွန်လူငယ်များအပါအဝင် မွန်လူမျိုးအများအပြားသည် ပညာရေးအတွက် သော်လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် သော်လည်းကောင်း နေရပ်စွန့်ခွာပြီး အိမ်နီချင်းနိုင်ငံတို့တွင်သာမက အခြားဝေးလံသော နိုင်ငံအသီးသီးသို့ ထွက်ခွာမှု ပိုများလာသည်။

ယခင်ကတည်းက မွန်လူငယ်များ ပြည်ပထွက်ခွာမှု ရှိနေသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေနှင့် စစ်အုပ်စု၏ စစ်မှုထမ်းဥပဒေကြောင့် မွန်လူငယ်များ ပြည်ပထွက်ခွာမှု ပိုများလာသည်။

မွန်လူငယ်များအပါအဝင် မွန်လူမျိုးအများအပြား ပြည်ပနိုင်ငံများသို့ ထွက်ခွာမှု များလာသည့် နောက်ဆက်တွဲအနေဖြင့် မွန်ဒေသတွင် လုပ်သားလိုအပ်ချက်များ ရှိလာရာ တခြားဒေသက လုပ်သားများ လာရောက် အလုပ်လုပ်ကြရပြီး လူမျိုးစု လွှမ်းမိုးနိုင်သည့် အနေအထား လျော့နည်းလာကြောင်း မွန်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

“မွန်ပြည်နယ်မှာက သိတဲ့အတိုင်း အနီးစပ်ဆုံးဖြစ်တဲ့ အိမ်နီးနားချင်းနိုင်ငံတွေ သွားပြီး အလုပ်လုပ်ကြပြီးဆိုကတည်းကိုက ကိုယ့်ဆီမှာက အထွေထွေ လုပ်သားတွေက လိုလာပြီးလေ။ လိုလာတဲ့အခါကျတော့ ဒီနေရာမှာ အစားထိုးဖို့အတွက်ကတော့ တခြား ပဲခူးတို့၊ ဧရာဝတီတို့ ဒါမှမဟုတ်ရင်လည်း အဲဒီကနေ ရွှေ့ပြောင်းလာတဲ့ လုပ်သားတွေကတော့ ဒီနေရာမှာ အစားထိုး ဝင်လာတာပေါ့။ ဆိုတော့ တချို့နေရာတွေက အစားထိုး ဝင်လာတဲ့အခါကျတော့ ကိုယ့်လူမျိုးအနေအထားလည်း တချို့နေရာတွေက လွှမ်းမိုးနိုင်တဲ့ အနေအထား လျော့မှာပဲလေ။ ဒါလည်း ကိုယ့်မွန်လူမျိုးအတွက်ဆိုရင်တော့ စဉ်းစားရင်တော့ ရင်လေးစရာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

အလုပ်အကိုင် အဆင်မပြေခြင်း၊ အခွင့်အလမ်း နည်းပါးခြင်းနှင့် စစ်အုပ်စု၏ စစ်မှုထမ်းဥပဒေကြောင့် မွန်လူငယ်များ ဒေသစွန့်ခွာမှု များလာသည့်အတွက် ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင်လည်း လူငယ်အင်အား နည်းပါးလာသည်ဟု ဆိုသည်။

လက်ရှိတွင် ကျေးရွာများတွင် ကျောင်းနေအရွယ်ကလေးနှင့် သက်ကြီးရွယ်အိုများသာ ကျန်ရှိနေသည်ဟု ရေးမြို့နယ်မှ မွန်လူငယ်တစ်ဦးက ပြောသည်။

“ရပ်ရွာတွေမှာ ရပ်ရွာအကျိုး၊ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်အားဖြည့်ဖို့ လူငယ်အင်အား နည်းပါးလာတယ်။ ရွာတွေမှာ ကျောင်းနေအရွယ်ကလေးတွေနဲ့ သက်ကြီးရွယ်အို လူဦးရေက ပိုများနေတယ်။ တခြားနယ်က အလုပ်သမားတွေ မွန်ဒေသတွေမှာ နေရာယူလာကြတယ်။ ရောနှေမှုတွေ ပိုဖြစ်လာတယ်။ ဗမာပြုမှုတွေ ပိုများလာတယ်။ မွန်ရွာတွေမှာ ဗမာရပ်ကွက်တွေ ပိုရှိလာကြတယ်။ ဗမာစကားတွေ လွှမ်းမိုးလာတာ ရှိတယ်” ဟု‌ ပြောသည်။

ရွှေ့ပြောင်းလုပ်သားအဖြစ် နေထိုင်၍ ၃ လကြာသည့်အခါ ထိုဒေသတွင် နေထိုင်ကြောင်း အိမ်ထောင်စု လျှောက်ထားနိုင်ပြီး မဲပေးခွင့်ရရှိသည့်အတွက် နိုင်ငံရေးအရ မိမိဒေသအတွက် အားနည်းချက်ဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

နောင်တွင် ၎င်းတို့ကိုယ်တိုင် အုပ်ချုပ်ရေးမှူး ဝင်ရောက်မဲပေးခြင်း၊ အရွေးခံနိုင်သည့်အခြေအနေ ဖြစ်လာနိုင်သလို ဘာသာစကား ရောနှောလာခြင်း၊ သွေးနှောလာခြင်းနှင့် မွန်စကား တိမ်ကောလာသည်အထိ စိုးရိမ်ရကြောင်း ဆိုသည်။

မိမိတို့ မွန်ဒေသတွင် ၁၉၈၈ နိုင်ငံရေး အကျပ်အတည်းဖြစ်ကတည်းက နိုင်ငံခြားသို့ ထွက်ခွာ၍ အလုပ်လုပ်ကိုင်မှုသည် မိရိုးဖလာကဲ့သို့ ဖြစ်လာကြောင်း အထက်ပါ မွန်နိုင်ငံရေးသမားက ဆက်ပြောသည်။

“စီးပွားရေး အခြေအနေကလည်း ပြောင်းရွှေ့ကြတာ ရှိကြတာပဲလေ။ စီးပွားရေး အခြေအနေဆိုတာကလည်း နိုင်ငံရေးကို မှီခိုနေရတဲ့ စီးပွားရေးပဲ။ နိုင်ငံရေး အခြေအနေကောင်းရင် စီးပွားရေး အခြေအနေလည်း ကောင်းမှာပေါ့။ စီးပွားရေး အခြေအနေကောင်းရင်တော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရင်းနှီးမြှပ်နှံမှုတွေ စက်ရုံအလုပ်ရုံတွေ ဆိုတော့ ဒါတွေတော့ တိုးတက်လာမှာပေါ့။ လတ်တလောအနေအထားက လတ်တလော မဟုတ်ပါဘူးဗျာ ပြီးခဲ့တဲ့ ၈၈ နောက်ပိုင်းကတည်းကိုက ကျနော်တို့နဲ့ နိုင်ငံခြား အလုပ်သွားလုပ်ရတာကတော့ မိရိုးဖလာလို ဖြစ်နေပြီ။ အသက်အရွယ်ရလာပြီ အလုပ်လုပ်နိုင်တဲ့ အရွယ်ရောက်လာပြီဆိုရင် နိုင်ငံခြားပဲ မျှော်နေရတာဆိုတော့” ဟု‌ ပြောသည်။

မွန်ဒေသတွင် ရွှေ့ပြောင်းလုပ်သားအများစုမှာ ရော်ဘာလုပ်ငန်း၊ ဆားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ သစ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအပြင် အခြားသော လုပ်ငန်းများတွင် လာရောက်လုပ်ကိုင်ကြကြောင်း သိရသည်။

စစ်အုပ်စုက ဦးဆောင်ကျင်းပခဲ့သည့် ၂၀၂၅ – ၂၀၂၆ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ (MUP) သည် မွန်ပြည်နယ်ရှိ မြို့နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘဲ ၎င်းတို့ နိုင်ချေများသော မြို့နယ်များတွင်သာ ယှဉ်ပြိုင်ခဲ့သည်။

“မွန်လူငယ်တွေ ဒေသစွန့်ခွာတာဟာ ပညာရေးကြောင့်လည်း ပါနိုင်ပါတယ်။ မွန်လူငယ်ဘွဲ့ရ အများအပြားဟာ နိုင်ငံခြားကို သွား‌ရောက်အလုပ် လုပ်ကိုင်ဖို့ကိုပဲ တာဆူနေကြတယ်။ ငါတို့ကျောင်းပြီးရင် ဘာသာစကားသင်တန်းတက်မယ်။ ပြီးရင် နိုင်ငံခြားသွားမယ်။ ဝင်ငွေများများရအောင် လုပ်မယ်။ စုဆောင်းမယ်။ ပြီးရင် ဘဝကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းမယ်။ ထို့သို စဉ်းစားထားသူတွေက အများစုဖြစ်မယ် ထင်ပါတယ်။ ကျောင်းပြီးရင် လူမှုအဖွဲ့အစည်းတစ်ခုခုမှာ ဝင်တာဝန်ထမ်းဆောင်မယ်၊ နိုင်ငံရေးဝင်လုပ်မယ်။ နိုင်ငံရေးပါတီ တစ်ခုခုမှာ ဝင်မယ် ဆိုတဲ့ စိတ်ကူးအတွေးမျိုးရှိတာ နည်းမယ်လို့ ထင်ပါတယ်” ဟု ရေးမြို့နယ်မှ မွန်လူငယ်တစ်ဦးက ဆက်ပြောသည်။

လက်ရှိတွင် အလုပ်အကိုင်နှင့်မဟုတ်ဘဲ ပညာရေးဖြင့် နိုင်ငံခြားသို့ မွန်လူငယ်များ ထွက်ခွာမှု ရာဂဏန်းရှိနိုင်ပြီး ၎င်းတို့သည်လည်း လက်ရှိ စစ်မှုထမ်းဥပဒေ အသက်အပိုင်းအခြားတွင် ပါဝင်နေခြင်းကြောင့် မွန်ဒေသသို့ ပြန်လာရန် မသေချာကြောင်း မွန်လူငယ်များက ပြောသည်။

အဆိုပါ မွန်လူငယ်များသည် မွန်လူမှုအဖွဲ့အစည်း၊ နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းများတွင် ပါဝင်၍ ဝိုင်းဝန်းလုပ်ဆောင်ခြင်း အထိုက်အလျှောက်ရှိသလို ၎င်းတို့၏ ဘဝတက်လမ်း၊ အသက်မွေးဝမ်းကြောင်းအတွက် တခြားအခွင့်အလမ်းရှာဖွေခြင်း၊ ချိတ်ဆက်လုပ်ဆောင်ခြင်းလည်း အများအပြားရှိနေသည်ဟု ဆိုသည်။

မွန်လူငယ်များအနေဖြင့် မိမိတို့၏ ပညာရေး၊ စီးပွားရေးအခွင့်အလမ်းအရ ဌာနေကို စွန့်ခွာ၍ ပြည်ပသို့ ထွက်ခွာမှုသည် မွန်လူမျိုး၊ မွန်ဒေသအတွက် ကြီးမားသော စိန်ခေါ်မှုနှင့် ဆုံးရှုံးမှုများပင် ဖြစ်သည်ဟု ဆိုသည်။

တဖက်တွင်လည်း အဆိုပါ မွန်လူငယ်များသည် အသိပညာ၊ စွမ်းဆောင်ရည်နှင့် တခြားသော အရင်းအနှီးများမှာတဆင့် မွန်ဒေသအတွက် ရေရှည်တွင် အပြုသဘောဆောင်သော ပြောင်းလဲမှုများကို ဖန်တီးပေးနိုင်ပါက ကောင်းမွန်သော ရလဒ်များပင် ဖြစ်သည်ဟု မွန်လူငယ်များက ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts