ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ကျောက်ခက်ဒေသမှ ကျားဖြန့်လုပ်သားများ ဆက်တိုက်ရွှေ့ပြောင်းနေကြကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ကျောက်ခက်ကျားဖြန့်လုပ်ငန်းခွင်၏ အဓိက ပင်မအဆောက်အဦးဖြစ်သည့် လေးထပ်ဆောင်မှ လုပ်ငန်းခွင်များကို အဓိက ရွှေ့ပြောင်းခြင်းဖြစ်ပြီး ကရင်အမျိုးသားတပ်မတော် KNA နှင့် ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆိုသည်။

ကရင်ပြည်နယ်ရှိ တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက “ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သတင်းရထားတာ နှစ်လလောက်ရှိပါပြီ။ သူတို့နဲ့ ဗိုလ်ချစ်သူတို့က အားလုံးပေါင်းပြီး နယ်စပ်ကနေ ရွှေ့ဖို့ ဆွေးနွေးတိုင်ပင်ပြီးမှ အကုန်ရွှေ့ကြတာ။ ဒါပြီးရင်တော့ တပ်က ဝင်မယ်၊ KK Park၊ ရွှေကုက္ကိုလ် တုန်းကလိုပဲ အဆောက်အအုံတွေ ဝင်ဖြိုမယ်” ဟု ပြောသည်။
ကျောက်ခက်ရွာဒေသခံကလည်း ကျားဖြန့်အလုပ်သမားများ အစုလိုက်ခွဲပြီး ထွက်ခွာနေကြောင်း အတည်ပြုသည်။
အထက်ပါအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းရန် IMNA မှ DKBA ခေါင်းဆောင်များကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။
အထူးသဖြင့် DKBA ဌာနချုပ်ရှိရင် ဆုံဆည်းမြိုင်ဒေသနှင့်အနီးတဝိုက်အပါအဝင် လှိုင်းဘွဲ့၊ ကော့ကရိတ်အနီးတဝိုက် တောတောင်များကြားသို့ အသီးသီးပြောင်းရွှေ့ထားကြောင်း အထက်ပါသတင်းအရင်းမြစ်က ဆိုသည်။
“ဆုံဆည်းမြိုင်နားက ဝါးမီးထရွာနားမှာ ဒီကရွှေ့လာတဲ့လူတွေအတွက် အဆောက်အအုံတွေက ၄ လ ပိုင်းလောက်ထဲက စဆောက်နေတာ။ အခု ပြီးပြီး၊ လှိုင်းဘွဲ့ကနေပြီးတော့ ကော့ကရိတ်ကို သစ်တောထဲကနေ ကြားထဲက ပတ်တက်တဲ့ ချစ်သူလမ်းလို့ခေါ်တဲ့ဆီမှာ အဆောက်အအုံ အားလုံး အလုံး ၂၀ ဆောက်ထားတယ်။ ပုံစံတူပဲ။”ဟု ၎င်းက ပြောသည်။
ကရင်ပြည်နယ်မှ ကျားဖြန့်လုပ်ငန်းခွင်များကို တရုတ်၊ အမေရိကန်အပါအဝင် နိုင်ငံတကာက တိုက်ဖျက်ရန် လုပ်ဆောင်နေကြပြီး မြန်မာစစ်တပ်အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့များအကြား ဖြေရှင်းရမည့် အခြေအနေဖြစ်လာသည်။
အမေရိကန်ထောက်လှမ်းရေးဗျူရို FBI က ထိုင်းနှင့်ပူးပေါင်းကာ ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများကို ထောက်လှမ်းနေချိန်တွင် BGF နှင့် DKBA တို့က နယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းခွင်များကို ကုန်းတွင်းပိုင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လအတွင်း ရွှေကုက္ကိုလ်နှင့် KK Park မှ ကျားဖြန့်လုပ်ငန်းခွင်များ နယ်စပ်နှင့်ဝေးသည့် ဒေါနတောင်ခြေတွင် ပြောင်းရွှေ့အခြေစိုက်နေသည့် အထောက်အထားများ ထွက်ပေါ်ခဲ့သည်။
ထို့ပြင် ကရင်ပြည်နယ်ရှိ ကျားဖြန့်လုပ်ငန်းခွင်များတွင် လာရောက်အလုပ်လုပ်ကိုင်ရန် အလုပ်ခေါ်စာများလည်း ဆက်ရှိနေသည်။



