ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် အသက် ၁၅ နှစ်အရွယ် မိခင်ဖြစ်သူထံ နှိပ်စက်ခံနေရသည့် မြန်မာမိန်းကလေးငယ်ကို အိမ်တွင်းအကြမ်းဖက်မှုများမှ လွှတ်ကင်းရန် ဒေသတွင်းလူမှုကူညီရေးအဖွဲ့နှင့် အရပ်ဘက်အဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အိမ်အတွင်း အကြမ်းဖက်ခံနေရသည့် မိန်းကလေးငယ်သည် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (နိုင်ငံမဲ့)၊ ID ကတ် နံပါတ် ၀ ဖြင့်စတင်သူဖြစ်ပြီး၊ ဆဋ္ဌမတန်း (Grade 6) အထိသာ ပညာသင်ကြားခဲ့ရကာ လောင်းကစားစွဲလမ်းပြီး အမျက်ဒေါသကြီးသည့် မိခင်ဖြစ်သူ၏ ဖိအားပေးမှုကြောင့် ကျောင်းထွက်၍ အလုပ်ကြမ်း လုပ်ကိုင်နေရသူ ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့တွင် မိခင်ဖြစ်သူသည် အပြင်မှ အိမ်သို့ပြန်လာစဉ် အစားအစာအချို့ လျော့နည်းနေသည်ကို တွေ့ရှိခဲ့ရာ၊ သမီးဖြစ်သူက ဆေးသောက်ရန် ဝက်သားနှစ်တုံး စားမိကြောင်း ဝန်ခံခဲ့သဖြင့် မိခင်ဖြစ်သူက ဒေါသအမျက်ထွက်ကာ မိန်းကလေးငယ်၏ လက်နှင့်ခြေထောက်များကို အိမ်တိုင်တွင် တုတ်ဖြင့် ချည်နှောင်ခဲ့သည်။
ထို့နောက် မိခင်ဖြစ်သူက ပွက်ပွက်ဆူနေသော ရေနွေးပူများကို ကလေးငယ်၏ နောက်ကျောတစ်ပြင်လုံးမှ ရှေ့ဘက်အထိ လောင်းချခဲ့သဖြင့် ခန္ဓာကိုယ်တွင် ပြင်းထန်သော ဖူးယောင်ပေါက်ပြဲသည့် ဒဏ်ရာများ ရရှိခဲ့ရာ ရက်အနည်းငယ်ကြာတွင် ဆွေမျိုးများက တွေ့ရှိပြီး ထောင်ဖာဖွန်ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကန်ချနဘူရီခရိုင် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဗဟိုဌာန (PSDHS) ၏ ညွှန်ကြားရေးမှူး မစ္စ ချန်ဂျီရာ ပတ်တနာသီရိက အဖြစ်မှန်ကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ပြီး၊ ထောင်ဖာဖွန်ခရိုင်တွင် လှုပ်ရှားနေသော ဝမ်စကိုင်းဖောင်ဒေးရှင်း (Wan Sky Foundation) နှင့် ချိတ်ဆက်ကာ ကလေးငယ်အား ကူညီရန် စီစဉ်ခဲ့သည်။
မိန်ကလေးငယ်သည် မွေးဖွားချိန်မှစ၍ အသက် ၈ နှစ်အထိ သူမ၏ အဖွားဖြစ်သူနှင့်အတူ နေထိုင်ခဲ့ပြီး အဖွားဖြစ်သူ ကွယ်လွန်ပြီးနောက်တွင် မိခင်ဖြစ်သူထံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး မိခင်ဖြစ်သူနှင့်အတူ နေထိုင်ခဲ့သည့် ၇ နှစ်တာကာလအတွင်း မိခင်ဖြစ်သူသည် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် ဆဲဆိုကြိမ်းမောင်းခြင်း အပါအဝင် အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့သဖြင့် သူမသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာ ထိခိုက်စေခဲ့သည်။
လက်ရှိတွင် မိန်းကလေးငယ်သည် ဆေးရုံတွင် ဒဏ်ရာများကို ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ပြီး၊ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပါက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေအရ ကန်ချနဘူရီခရိုင်ရှိ ကလေးဂေဟာသို့ ရွှေ့ပြောင်းကာ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားမည်ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဘက်မှ ပြစ်မှုကျူးလွန်သူ မိခင်ဖြစ်သူကို ထောင်ဖာဖွန်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း စစ်ဆေးလျက်ရှိရာ၊ အစပိုင်းတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် စွဲချက်တင်ထားပြီး၊ စစ်ဆေးမေးမြန်းမှုများ ပြီးဆုံးပါက ကလေးသူငယ်အပေါ် ရက်စက်စွာ နှိပ်စက်မှုအပါအဝင် အခြားသက်ဆိုင်သော ဥပဒေပုဒ်မများဖြင့် ထပ်မံတရားစွဲဆို အရေးယူသွားမည်ဖြစ်သည်။



