ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား ဇူလိုင်လလယ်ပိုင်းမှစ၍ နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းအရင်းအမြစ်များမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်များ ဝိုင်းရံပိတ်ဆို့ထားသည့် ဖာပွန်ဗျူဟာကုန်းစခန်းသို့ စစ်ကော်မရှင်က စစ်အင်အား၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနိုင်ရန် ကမမောင်း-ဖာပွန်လမ်းကြောင်းကို အသုံးပြု၍ စစ်ကြောင်းများ ဆက်တိုက် စေလွှတ်နေသည်။
စစ်ကြောင်းအတွင်း ကရင်ပြည်နယ်အတွင်းရှိ တပ်ရင်အသီးသီးမှ တပ်ဖွဲ့များပါဝင်သဖြင့် အင်အားထောင်ချီ ရှိကြောင်းလည်း ဖာပွန်ဒေသရှိ တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“ဖာပွန်ဗျူဟာကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝိုင်းတိုက်နေတာ ကြာပြီ။ ဗျူဟာကုန်းမကျဖို့ စစ်ကော်မရှင်ကလည်း အင်အားအပြည့်နဲ့ ခုခံနေတယ်။ ဗျုဟာကုန်းလည်း ကျတော့မှာပါ။ အဲ့ကြောင့် မေလအစောပိုင်းကစပြီး ကမမောင်း- ဖာပွန်လမ်းပိုင်းကနေ စစ်ကူပို့ဖို့ စပြီးတော့ ကြိုးစားနေတယ်။ "ဟု ၎င်းက ဆိုသည်။
ကမမောင်းနှင့် ကတိတိုင်တပ်စခန်းအကြားရှိ ဖားလုံးလေးကျေးရွာအနီး ဘုရားကုန်းနေရာတွင် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှုနှင့် ခုခံတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် စစ်ကောင်စီစစ်ကြောင်းများ ရှေ့ဆက်တိုးနိုင်ခြင်း မရှိသေးကြောင်းလည်း ဆိုသည်။
“သူတို့ ရှေ့တိုးမရတော့ အနီးအနားကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးပတ်ကြဲနေတယ်။ အခုလည်း အဲဒီစစ်ကြောင်းတွေအတွက် ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့နိုင်ဖို့ BGF အကူအညီနဲ့ ကမမောင်းကနေ ယာဉ်အစီးရေ အများအပြား ပြင်ဆင်ထားတယ်” ဟု အထက်ပါ သတင်းအရင်းအမြစ်က ဆက်လက်ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က ကမမောင်း-ဖာပွန်လမ်းပိုင်းရှိ ပိုဂါကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဇူလိုင်လ ၁၆ ရက်နေ့တွင်လည်း ထီးလော်သီထကျေးရွာကို တိုက်လေယာဉ် ဖြင့် ဗုံးသီး ၄ လုံး ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်က ဇူလိုင်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာ ၆ ရွာထက်မနည်းမှ ဒေသခံရာချီတို့ ထွက်ပြေးတိမ်းရှောင်နေရသလို လူနေအိမ် ၁၃ လုံး၊ စာသင်ကျောင်းတစ်ကျောင်းနှင့် ဘုရားကျောင်းတစ်ကျောင်း ပျက်ဆီးဆုံးရှုံးခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု မရှိသေးကြောင်း သိရသည်။
ဖာပွန်ခရိုင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်း ပါဝင်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်တပ်နှင့် KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေသည့် ဒေသတစ်ခုလည်း ဖြစ်သည်။
လက်ရှိတိုက်ပွဲအတွင်း စစ်အုပ်စုမှ တပ်ရင်းမှုးအပါအဝင် ထိခိုက်သေဆုံးမှု များပြားနေကြောင်းလည်း သိရသည်။



