Homeသတင်းဇူလိုင်ဒုတိယအပတ်မှစ၍ မွန်ပြည်နယ်စက်သုံးစီဆိုင်အချို့ ဆီပြတ်လပ်မှုထပ်မံကြုံတွေ့

ဇူလိုင်ဒုတိယအပတ်မှစ၍ မွန်ပြည်နယ်စက်သုံးစီဆိုင်အချို့ ဆီပြတ်လပ်မှုထပ်မံကြုံတွေ့

-

မွန်ပြည်နယ်၊ မြို့နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီမရောက်ရှိသဖြင့် ဇူလိုင်ဒုတိယအပတ်မှစ၍ ဆီပြတ်လပ်မှုနှင့် ထပ်မံကြုံတွေ့နေရကြောင်း ဆီဆိုင်ပိုင်ရှင်နှင့် ဝယ်သူသုံးစွဲသူများထံမှသိရသည်။

ဇူလိုင် ၁၀ ရက်နေ့မှ စတင်ကာ သထုံ၊ ပေါင်၊ မုဒုံနှင့် ရေးမြို့နယ်ရှိ  ဆိုင်အချို့ အရောင်းပိတ်ထားရပြီး ပုံမှန်ထက် ဈေးကြီးပေးဝယ်ယူနေရသည်။

ထို့ကြောင့် စက်သုံးဆီ ဝယ်ယူမှုကို ပြည်နယ်အစိုးရအဖွဲ့မှ QR ကုဒ်ဖြင့် ဝယ်ယူရန် ပိုမိုတင်းကြပ်ထားကြောင်း ပေါင်မြို့မှ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

“ပေါင်မှာတစ်ရက်ပဲ ပြတ်လပ်သေးတယ်။ ကြိုက်သလောက်ဝယ်လို့မရဘူး ဒီနေ့သွားထည့်တာ ဆီကုန်တယ်လို့ ပြောတယ်။ စက်သုံးဆီဝယ်ယူတာကို ပိုကြပ်မတ်လာတာရှိတယ်။ ပြည်နယ်အစိုးရအဖွဲ့က QR ကုတ်နဲ့စနစ်တကျ ပြန်ရောင်းရမယ်ဆိုပြီး ညွှန်ကြားလာတယ်။ ခွဲတမ်းလည်း လျော့တယ်လို့ သိရတယ်။” ဟုပြောသည်။

စက်သုံးဆီ ရောင်းချခွင့်ရရှိထားသည့် ရာဇာမင်းကုမ္ပဏီပိုင်ရှင်ကို စစ်အုပ်စုက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပြီးနောက် စီမံခန့်ခွဲမှု လစ်ဟာခြင်း သို့မဟုတ် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်မှုကြောင့် စက်သုံးဆီပြတ်လပ်မှု ဖြစ်နေကြောင်းလည်း သုံးသပ်နေကြသည်။

မွန်ပြည်နယ်တွင် ၉၅ တစ်လီတာလျှင် ၃၅၄၅ ကျပ်၊ ၉၂ တစ်လီတာလျှင် ၃၄၈၀ ကျပ်ရှိပြီး၊ ရန်ကုန်မြို့တို့တွင် ၉၅ တစ်လီတာလျှင် ၃၃၁၀ နှင့် ၉၂ တစ်လီတာလျှင် ၃၂၅၀ ကျပ်သာရှိသောကြောင့် ဈေးနှုန်းကွာဟနေဆဲဖြစ်သည်။

ခွဲတမ်းကို တစ်ပတ်တစ်ကြိမ်သာရရှိပြီး ရရှိမည့် ပမာဏကိုလည်းကြိုတင်မသိနိုင်သောကြောင့် ဆီပြတ်လပ်မှုမဖြစ်စေရန် ထိန်းညှိရောင်းချနေရသဖြင့် လိုအပ်သလောက် မထုတ်ပေးနိုင်သည့် အခြေအနေရှိသည်ဟု ရေးမြို့နယ်မှ ဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“တစ်ပတ်တခါ ခွဲတမ်းရတော့ ထိန်းပြီးရောင်းရတယ်။ နေ့တိုင်းဆိုင်ဖွင့်ဖို့ လိုအပ်သလောက်မပေးနိုင်ဘူး။ နှစ်ရက်လောက်တော့ ပြတ်လပ်သွားတယ်။" ဟု ပြောသည်။

တင်ဒါရထားသည့် ကုမ္ပဏီတစ်ခုကသာ အဓိကဖြန့်ဖြူးနေရပြီး ဈေးကွက်ယှဉ်ပြိုင်မှု လျော့နည်းသဖြင့် မွန်ပြည်နယ် စက်သုံးဆီကဏ္ဍ အထိနာနေရကြောင်းလည်း သုံးသပ်သည်။

မွန်ပြည်နယ် စက်သုံးဆီဈေးကျဆင်းရန် ရန်ကုန်သီလဝါဆိပ်ကမ်းမှ ပြန်လည်ဝယ်ယူခွင့်နှင့်ပတ်သက်ပြီး မေးမြန်းရတာတွင်လည်း  ဆောင်ရွက်သွားရန်မရှိသေးကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဇေယျာဦးက ဇွန်လ  ၁၅ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts