ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာတွင် သက်ကြီးပိုင်းဒေသခံအမျိုးသမီးတစ်ဦး ဒေသတွင်း တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ထံ တစ်လကျော်ကြာ ဖမ်းဆီးခံထားရပြီး ကျန်းမာရေးမကောင်းသူဖြစ်သဖြင့် မိသားစုဝင်များက စိုးရိမ်နေကြကြောင်း သိရသည်။
တော်လှန်ရေးလက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ မမှန်မကန် တိုင်ကြားခံရခြင်းမှတစ်ဆင့် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က ဖမ်းဆီးခံထားရသည်ဟု ကော့ဘိန်းဒေသခံတစ်ဦးက ဆိုသည်။
ထိန်းသိမ်းခံရသူ အမျိုးသမီးကို စစ်ကော်မရှင်နှင့် ပတ်သက်ဆက်နွယ်နေသည့်အမှုဖြင့် အရေးယူထားပြီး အမှုနှင့်ပတ်သက်၍ မိသားစုဝင်များက ဖမ်းဆီးထားသည့်အဖွဲ့ထံ မကြာခဏ သွားရောက်ညှိုနှိုင်းသော်လည်း ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကော့ဘိန်းဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

"ကြာနေပြီးတော့ နည်းနည်းတော့ စိုးရိမ်ကြတယ်ပေါ့လေ၊ တစ်လကျော်ပြီးဆိုတော့။"ဟု ဆိုသည်။
ကနဦး အမျို့သမီးကို ကော့ဘိန်းရွာအနီးတစ်ဝိုက် ထိန်းသိမ်းထားရာမှ ပြီးခဲ့သည့် ရက်ပိုင်းတွင် ကြာအင်းဆိပ်ကြီး ဒေသဘက် ပြောင်းရွှေ့ထိန်းသိမ်းထားသည်ဟုလည်း သိရသည်။
အသက် ၅၃ နှစ်အရွယ်ရှိပြီး ဖမ်းဆီးထိန်းသိမ်းခံသူ အမျိုးသမီးတွင် ဆီးချို၊ သွေးတိုးရောဂါများရှိသဖြင့် ကျန်းမာရေးအခြေအနေကို မိသားစုဝင်များက စိုးရိမ်နေရကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
နေအိမ်သည် စစ်ကော်မရှင်တပ်စွဲထားသည့်နေရာနှင့် နီးကပ်နေသဖြင့် စစ်တပ်အဖွဲ့နှင့် အလိုက်အထိုက်ဆက်ဆံနေရသည့်အပေါ် အထက်ပါ လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သည့် ဒေသခံက မကြာခဏ သတိပေးခြိမ်းခြောက်မှုမျိုး လုပ်ဆောင်နေခံနေရသည်ဟုလည်း မိသားစုဝင်နှင့် နီးစပ်သူများက ပြောသည်။
တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ဘက်မှ အရေးယူထားသည့် ပြစ်မှုများကို ဘက်လိုက်မှုမရှိ မှန်မှန်ကန်ကန် အမြန်ဆုံး ပြန်လည် စုံစမ်းစစ်ဆေးစေရန် မိသားစုဝင်များက လိုလားလျှက်ရှိသည်။
ကော့ဘိန်းရွာတွင် စစ်ကော်မရှင်အဖွဲ့နှင့် ပတ်သတ်မှုရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့များ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ထံ မကြာခဏ ဖမ်းဆီးခံနေရပြီး ဖမ်းဆီးထားစဉ် သေဆုံးသွားသူများရှိသလို ပြန်လည်လွတ်မြောက်လာသူများလည်းရှိသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကော့ဘိန်းဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေး တပ်ဖွဲ့များထံ IMNA မှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး နောက်ဆက်တွဲကြောင်းအရာများ ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။



