Homeသတင်းတော်လှန်ရေးတပ်များ၏ သတိပေးချက်ထွက်ပြီးနောက် မော်တောင်မြို့တွင် စစ်အင်အားဖြည့်တင်း

တော်လှန်ရေးတပ်များ၏ သတိပေးချက်ထွက်ပြီးနောက် မော်တောင်မြို့တွင် စစ်အင်အားဖြည့်တင်း

-

ထိုင်း-မြန်မာနယ်စပ်ရှိ တနင်္သာရီမြို့နယ် မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ပြန်လည်တိုက်ခိုက်မည့်သတင်းကြောင့် စစ်ကော်မရှင်ဘက်က လုံခြုံရေးတင်းကြပ်ပြီး စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။

မောတောင်မြို့ကို လက်လွှတ်ဆုံးရှုံးခဲ့သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မိမိတို့တော်လှန်ရေးရဲဘော်များ အနားယူခြင်းနှင့် လိုအပ်သည့် မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ပြီး တိုက်ပွဲပြန်ဝင်ရန် အသင့်အနေအထား ရှိနေပြီ ဖြစ်ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့တွင် အသိပေးထုတ်ပြန်လာခဲ့သည်။

ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် မောတောင်မြို့အဝင်အထွက်နှင့် မြို့အနီးတစ်ဝိုက်နေရာများတွင် လုံခြုံရေးတိုးမြှင့်လာပြီး စစ်အင်အားလည်း ဖြည့်တင်းထားကြောင်း မောတောင် ဒေသခံ တစ်ဦးက IMNA ကို ပြောသည်။

“သူတို့တပ်စခန်းနေရာကိုလည်း ဘန်ကာတွေ အသေအချာကို ပြုပြင်နေတယ်။ တိုက်ပွဲကတော့ ထပ်ဖြစ်လာနိုင်တဲ့ အရိပ်အယောင်ရှိပေမဲ့ အရင်တစ်ခေါက်လိုမျိုးတော့ မပြင်းထန်လာနိုင်တော့ဘူး ထင်တယ်။ အရင်တစ်ခေါက်က တော်လှန်ရေးအဖွဲ့တွေက စစ်စခန်းထဲက လက်နက်ခဲယမ်းတွေကို သိမ်းပိုက်နိုင်ဖို့ အင်တိုက်အားတိုက် လာတိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်ခဲ့တာ။ အခုက ဘာမှမရှိတော့ဘူး။” ဟု ၎င်းက ဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က မောတောင်မြို့ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ၆ လအကြာ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် စစ်ကော်မရှင်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ ဆုတ်ခွာခဲ့ရသည်။

ယခုရက်ပိုင်းအတွင်း စစ်အင်အားတိုးမြှင့်ထားသည့် အခြေအနေကြောင့် နေရပ်ပြန်လည်ရောက်ရှိနေသည့် ဒေသခံများ လုံခြုံရေးအခြေအနေ စိုးရိမ်နေကြသည်။

မောတောင်မြို့တွင် အချိန်မရွေးဖြစ်ပွားလာနိုင်သည့် တိုက်ပွဲနှင့် လက်နက်ကြီး၊ ဒရုန်းအန္တရာယ်များကြောင့် နေရပ်မပြန်နိုင်သေးသလို နေအိမ်အပျက်အစီးများကိုလည်း မပြုပြင်ရဲသေးကြောင်း မွန်ဒေသဘက်ရောက်ရှိနေသူ မောတောင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“အရင်တစ်ခေါက်တုန်းက တိုက်ပွဲကြောင့် အိမ်တွေလည်း တော်တော်ထိသွားတယ်။ အချို့လူတွေ ပြန်ပြင်နေကြပေမဲ့ ကျနော်တို့ကတော့ အခြေအနေမငြိမ်သေးလို့ ပြန်ပြင်ဖို့ အစီအစဉ်မရှိသေးဘူး။ လမ်းမှာလည်း နှစ်ဖက်စလုံးက တော်တော်စစ်ဆေးနေတယ်လို့ ပြန်ဝင်တဲ့သူတွေက ပြောလာတယ်။ ကားနဲ့ဆို ပေးမသွားဘူး၊ ဆိုင်ကယ်နဲ့ပဲ သွားလို့ ရတယ်။ အဲဒီလိုတော့ ကြားတယ်” ဟု ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဘက်မှလည်း မောတောင်မြို့အဝင်မှ အမှတ် ၉ ကျေးရွာအထိ လမ်းပိုင်းကို ကုန်တင်ယာဉ်များ ဖြတ်သန်းသွားခွင့် မပြုသလို ထုံခါးလမ်းဆုံမှ အမှတ် ၉ ကျေးရွာလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်မပြုကြောင်း သတိပေးထုတ်ပြန်ထားသည်။

ကန့်သတ်ထားသည့် ဒေသအတွင်း ဖြတ်သန်းသွားလာပါက စစ်ရေးပစ်မှတ်နှင့် မှားယွင်းတိုက်ခိုက်မှုများ ခံရနိုင်တာကြောင့် တိကျစွာ လိုက်နာပေးပါရန်လည်း တော်လှန်ရေးပူးပေါင်းတပ်မှ သတိပေးထားသည်။

တစ်ဖက်တွင်လည်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများကို စစ်ကော်မရှင်အဖွဲ့မှ ပြန်လည်ဝင်ရောက်ရန် အတင်းအကျပ် ဖိအားပေးလျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts