ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကလောင်ဆန်ခရိုင် ခရမ်းရောင်လိုင်း (Purple Line) မြေအောက်ရထားလိုင်း တည်ဆောက်ရေးလုပ်ငန်းခွင်၌ ရေယိုစိမ့်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အာဏာပိုင်များက အနီးနားရှိ အဆောက်အအုံများမှ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး လမ်းပိုင်းအချို့ကို ပိတ်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ကလောင်ဆန်ခရိုင် အုပ်ချုပ်ရေးမှူးက ဇူလိုင် ၉ ရက်နေ့ ညပိုင်းတွင် မြေအောက်မီတာ ၃၀ အနက်ရှိ ရေယိုစိမ့်မှုဖြစ်ပွားရာ ဝေါင်ဝီယန်ရိုင် (Wong Wian Yai) လမ်းဆုံအနီးရှိ အဆောက်အအုံများအား အသုံးပြုခြင်းကို ယာယီရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။

လှိုင်ခေါင်း၏ အနိမ့်ဆုံးအပိုင်းသို့ ရေများ ယိုစိမ့်ဝင်ရောက်နေသဖြင့် မြေသားနိမ့်ကျမှု ဖြစ်ပွားကာ အနီးနားရှိ အဆောက်အအုံများ ပျက်စီးမှုရှိနေကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူ့ဘေးကင်းလုံခြုံရေးအတွက် ပိတ်ဆို့၊ ပြောင်းရွှေ့မှုများ ပြုလုပ်နေကြောင်း သိရသည်။
ထိုင်းလျှပ်စစ်ရထားအာဏာပိုင်အဖွဲ့ (MRTA) အနေဖြင့် ထိခိုက်နစ်နာခဲ့ရသည့် ဒေသခံများအတွက် ယာယီခိုလှုံရာနေရာများ စီစဉ်ပေးရန်လည်း ခရိုင်အုပ်ချုပ်ရေးမှူးက တောင်းဆိုထားသည်။
လက်ရှိတွင် ဘန်ကောက်မြို့တော်စည်ပင်သာယာရေးအဖွဲ့ (BMA) နှင့် MRTA တို့က မီတာ ၃၀ ပတ်လည်အတွင်းရှိ ရေယိုစိမ့်မှု၊ မြေမျက်နှာပြင်အခြေအနေနှင့် အဆောက်အအုံများကို အနီးကပ် စောင့်ကြည့်လျက်ရှိသည်။
ယာဉ်ကြောမှတစ်ဆင့် မြေဆီလွှာတုန်ခါမှုများကို လျှော့ချရန်အတွက် အနီးတစ်ဝိုက်ကို သွားလာခွင့် ပိတ်ထားပြီး လွှဲလမ်းအဖြစ် အသုံးပြုရန် သို့မဟုတ် ရထားကို အစားထိုးအသုံးပြု သွားလာရန် အကြံပြုထားသည်။
ထို့အပြင် ဘန်ကောက်အများပြည်သူသယ်ယူပို့ဆောင်ရေးအဖွဲ့ (BMTA) ကလည်း အဆိုပါလမ်းပိတ်ဆို့မှုကြောင့် ထိခိုက်မှုရှိသည့် ဘတ်စ်ကားလိုင်း ၅ လိုင်းကို လမ်းကြောင်းပြောင်းလဲပြေးဆွဲပေးနေကြောင်း သိရသည်။
ကိုးကား – Bangkok Post



