မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ် ရပ်ကွက်အချို့နှင့် အနိမ့်ပိုင်းနေရာများ ရေဝင်ကာ၊ ပြည်သူများ ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ထားရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ဘီးလင်းရေလည်း မြင့်တက်လာပြီး စိုးရိမ်ရေမှတ်အောက် ၂ ပေကျော်တွင် ရောက်ရှိနေသည်။
မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဘီးလင်းရေလည်း မြင့်တက်လာခြင်းတို့ကြောင့် မြို့ပေါ်ရှိ ကန်သာယာရပ်ကွက်နှင့် အနိမ့်ပိုင်းနေရာများရှိ နေအိမ်များအတွင်း ယနေ့ ဇူလိုင်လ နံနက်ပိုင်းတွင် ရေစတင်ဝင်လာသည်။
ကန်သာယာရပ်ကွက်နှင့် အနိမ့်ပိုင်းနေရာများရှိ အိမ်ထောင်စုများကို မီးသတ်၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့၏ အကူအညီဖြင့် ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ထားရသည်။

“ဘီးလင်းမြစ်ရေ တက်လာရင် မြစ်ကမ်းတလျှောက် အနိမ့်ပိုင်းတွေက ရေဝင်တယ်။ လောလောဆယ် အဲဒီကလူတွေကို ယာယီပြောင်းရွှေ့ထားရတယ်။ မြစ်ရေ ဆက်တက်လာရင် အခြားနေရာတွေလည်း ရေဝင်လာမယ်။ မြစ်ရေက တက်လာနေဆဲပဲ” ဟု ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရေဝင်နေသည့် ရပ်ကွက်များမှ အိမ်ထောင်စုများကို ဘီးလင်းမြို့နယ် မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ကူညီပြောင်းရွှေ့ပြောင်းပေးနေသည်။
ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာရှိပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ၉၆၅ စင်တီမီတာသို့ ရောက်ရှိနေသည်။
ဘီးလင်းမြစ်ရေသည် နောက် ၂၄ နာရီအတွင်း ၁၀၀၀ စင်တီမီတာသို့ ရောက်ရှိလာနိုင်ပြီး နောက်နှစ်အရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
ထိုကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီပြောင်းရွှေ့ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး နှိုးဆော်ထားသည်။



