Homeသတင်းမွန်ပြည်နယ်ရှိ လယ်ဧက အများအပြား စပါးစိုက်ပျိုးနိုင်ခြင်းမရှိ

မွန်ပြည်နယ်ရှိ လယ်ဧက အများအပြား စပါးစိုက်ပျိုးနိုင်ခြင်းမရှိ

-

မွန်ပြည်နယ်၊ မိုးစပါးတောင်သူအများစု ယခုနှစ်တွင် လယ်လုပ်ငန်းစွန့်လွှတ်သူများသည့်အပြင် စပါးစိုက်ဧကလျှော့ချထားသဖြင့် လယ်ဧက အများအပြား မြေလွတ်မြေရိုင်းကဲ့သို့ ထားရှိထားရကြောင်း တောင်သူများက ပြောသည်။

မိုးစပါးလုပ်ငန်းမှ နှစ်စဉ် အရှုံးပေါ်ပြီး အခြားအထွေထွေအခက်အခဲများကြောင့် ကျိုက်မရောမြို့နယ်အပါအဝင်  မုဒုံ၊ ချောင်းဆုံနှင့် ပေါင်မြို့နယ်တို့မှ တောင်သူများ မိုးစပါးစိုက်ဧကများကို လျှော့ချထားသည်။

မိုးစပါးစိုက်ပျိုးရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်သူ တစ်ရွာလျှင် ဆယ်ဂဏန်းဝန်းကျင်သာ ကျန်ရှိတော့သဖြင့် လယ်ဧကထောင်နှင့်ချီ ပစ်ထားရကြောင်း မုဒုံမြို့နယ် ကမာဝက်မြို့မှ တောင်သူအမျိုးသားတစ်ဦးက ဆိုသည်။

“မနှစ်ကဆို  ၂၅ ဧက မိုးစပါးစိုက်တယ်။ ဒီနှစ်ကတော့ ၁၀ ဧကလောက်ပဲ စိုက်နိုင်တော့တယ်။ကျနော်တို့ရွာမှာ ပစ်ထားတဲ့လယ်တွေ ဧကထောင်ချီရှိတယ်။ မြက်တွေနဲ့ တောတောင်လိုဖြစ်နေပြီး။” ဟုဆိုသည်။  

မိုးစပါးသွင်းအားစုများဖြစ်သည့် ထိုင်းထုတ် မြေဩဇာတစ်အိတ်လျှင် ကျပ် ၂ သိန်းနီးပါးအထိ ဈေးမြင့်တက်လာပြီး၊ ကောက်စိုက်လုပ်သားတစ်ဦး၏ နေ့စားခမှာလည်း တစ်နေ့လျှင် ကျပ် ၃ သောင်းဝန်းကျင်အထိ ရှိလာကြောင်း သိရသည်။

ထို့ပြင် စက်သုံးဆီတစ်ပုံးဈေးနှုန်းမှာလည်း ကျပ် ၂ သိန်းနီးပါးအထိ မြင့်တက်နေကြောင်း မိုးစပါးစိုက် မွန်တောင်သူများက ပြောသည်။

သွင်းအားစုစရိတ် လျှော့ချနိုင်ရန် ကျဲခင်းစနစ်ကိုရွေးချယ်လုပ်ကိုင်ရာတွင်လည်း စပါးအထွက်နှုန်း လျော့နည်းခြင်း၊ ရေကြီးရေလျှံမှုများကြောင့် စပါးပင်များ သေဆုံးပျက်စီးနေရသည်။

ထို့ကြောင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းဖြင့် မိသားစု၏ စားဝတ်နေရေးကို မဖြေရှင်းနိုင်တော့သဖြင့် ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့ကြောင်း ကျိုက်မရောမှ မိုးစပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

“မိုးစပါးစိုက်တော့ မိသားစုရဲ့ အဓိကစီးပွားရေးတစ်ခုအနေနဲ့ တောင်သူတွေ အားကိုးလို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ဒေသထွက်ဆန်တွေ၊ စပါးတွေက တန်ဖိုးမရှိကြဘူး။ မိုးစပါးစိုက်ရင် ရင်းနှီးရတဲ့ ငွေတန်ဖိုးကလည်းများတယ်။ ပြီးတော့အမြတ်မကျန်ဘူး။ ကိုယ့်မိသားစု စားဖို့ တစ်နှစ်စာဆန်၊ စပါးတွေပဲ ရတယ်။” ဟု ဆိုသည်။

၂၀၂၆ ခုနှစ်မှစ၍ မိုးစပါး တစ်ဧကကို ကျပ် (၃) သိန်းနှုန်းနဲ့ အများဆုံး (၁၀) ဧကအထိ  ချေးငွေနှုန်းထား တိုးမြှင့်ထုတ်ချေးပေးသော်လည်း လယ်ယာကဏ္ဍအတွက် အဆင်ပြေမှုမရှိပေ။

မွန်ပြည်နယ်အတွင်း နှစ်စဉ်မိုးစပါးစိုက်ပျိုးဧက (၇) သိန်းနီးပါးရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts