Homeသတင်းမွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းခွင့်ရသည့် ရာဇာမင်းကုမ္ပဏီပိုင်ရှင်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်

မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းခွင့်ရသည့် ရာဇာမင်းကုမ္ပဏီပိုင်ရှင်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်

-

မွန်ပြည်နယ်တွင် စက်သုံးဆီတင်သွင်းခွင့်ရရှိထားသည့် ရာဇာမင်းကုမ္ပဏီပိုင်ရှင် ဦးညီညီထွေးကို မော်လမြိုင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ၅ သိန်း ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ရာဇာမင်းကုမ္ပဏီသည် စက်သုံးဆီများ ရောင်းချခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်က ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွန်ကြားချက်များ ဖောက်ဖျက်ပြီး စက်သုံးဆီများရောင်းချသည့်စွပ်စွဲချက်ဖြင့် ရာဇာမင်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးညီညီထွေးကို စစ်အစိုးရက ပြီးခဲ့သည့် မတ်လအတွင်းက ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ယင်းနောက် ရာဇာမင်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးညီညီထွေးကို မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစန်းတွင် (ပ) ၄၇/၂၀၂၆၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ – ၅ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး မော်လမြိုင်တရားရုံးမှ ဇူလိုင်လပထမအပတ်က ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ၅ သိန်း ချမှတ်လိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ရာဇာမင်းကုမ္ပဏီပိုင်ရှင် ဦးညီညီထွေး ကို မော်လမြိုင်မြို့နယ်တရားရုံး အမိန့်ချလိုက်တဲ့အပြင်ကို ဘီးလင်းမြို့နယ်အတွင်းက ရွှေတူးသမားတွေကို စက်သုံးဆီမှောင်ခိုရောင်းချခဲ့မှုနဲ့ ပတ်သက်လို့လည်း သထုံခရိုင်တရားရုံးမှာလည်း စစ်ဆေးဆဲအမှုတွေရှိနေသေးတယ်လို့ သိရပါတယ်” ဟု ၎င်း ဆက်ပြောသည်။

ထို့အပြင် ရာဇာမင်းကုမ္ပဏီမှ ပင်လယ်ပြင်အတွင်းရှိ စက်လှေများသို့ စက်သုံးဆီများအား တရားမဝင် မှောင်ခိုရောင်းချမှုများနှင့် ပတ်သက်၍လည်း မုဒုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခြင်း ခံထားရကြောင်းလည်း ၎င်းက ဆိုသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က တင်ဒါအောင်ထားပြီး မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းမှတဆင့် စက်သုံးဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

လက်ရှိတွင် ရာဇာမင်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာကို ထောင်ဒဏ်ချမှတ် အရေးယူလိုက်သော်လည်း ကုမ္ပဏီကိုတော့ အရေးယူမှု တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းမရှိသေးပေ။

ရာဇာမင်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးညီညီထွေးနည်းတူ စွမ်းမြန်မာစက်သုံးဆီဆိုင်ပိုင်ရှင် ဦးစိန်တင် (ခ) ကာဆင်၊ မိဘမေတ္တာစက်သုံးဆီဆိုင်ပိုင်ရှင် ဦးမြင့်ဇော်ဦး (ခ) ဇော်ဦးနှင့် မင်းသန့်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးလှဝင်းခိုင်တို့ကိုလည်း ပြည်နယ်စစ်အစိုးရက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts