Homeသတင်းMNEC မှ လစာပေးချေမှုမှတ်တမ်းအပေါ် ပွင့်လင်းမြင်သာမှုရှိရန် ဆရာ၊ ဆရာမများတောင်းဆို

MNEC မှ လစာပေးချေမှုမှတ်တမ်းအပေါ် ပွင့်လင်းမြင်သာမှုရှိရန် ဆရာ၊ ဆရာမများတောင်းဆို

-

မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ ကျောင်းဆရာ၊ ဆရာမအချို့ လစာနှင့် လစာပေးချေမှုမှတ်တမ်း (Pay Slip) ရှိ ပမာဏ ကိုက်ညီမှုမရှိသဖြင့် ပွင့်လင်းမြင်သာမှုရှိစေလိုကြောင်း IMNA သို့ ပြောကြားသည်။

ဆရာ၊ ဆရာမများ၏ ပြောကြားချက်အရ MNEC မှ နိုင်ငံတကာအလှူရှင်များ၏ ထောက်ပံ့ငွေအပြင် မွန်ပြည်သူလူထု၏ လှူဒါန်းငွေများဖြင့် လစာနှင့်အတူ အပိုထောက်ပံ့ကြေး ကျပ် ၄၅,၀၀၀ ကို လစဉ် ပေးဆောင်လျှက်ရှိ သည်။

ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် နိုင်ငံတကာအလှူရှင်များ၏ ထောက်ပံ့ငွေ လျော့နည်းလာသဖြင့် အဆိုပါ အပိုထောက်ပံ့ကြေး ကျပ် ၄၅,၀၀၀ ကို ရပ်နားထားသဖြင့် ဆရာ၊ ဆရာမများ၏ လစဉ်အကျိုးခံစားခွင့်လည်း လျော့နည်းသွားသည်။

သို့သော် လစာပေးချေမှုမှတ်တမ်း (Pay Slip) တွင် ရပ်နားထားသည့် အပိုထောက်ပံ့ကြေး ကျပ် ၄၅,၀၀၀ ကို ဆက်လက်ထည့်သွင်းဖော်ပြထားပြီး လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးနေရသည့်အပေါ် ရှင်းလင်းစေလိုကြောင်း အမည်မဖော်လိုသည့် မွန်အမျိုးသား ကျောင်းဆရာတစ်ဦးက ပြောသည်။

“ဒီနှစ်မှာ နိုင်ငံတကာအလှူငွေ လျော့နည်းလာလို့ မွန်ပြည်သူတွေရဲ့ ထောက်ပံ့ငွေကနေ ပေးနေတဲ့ ကျပ် ၄၅,၀၀၀ ကို ရပ်လိုက်တယ်။ ဒါပေမဲ့ Pay Slip ထဲမှာတော့ အဲဒီငွေကို ဆက်ထည့်ထားတဲ့အတွက် စာရင်းမှာပါတဲ့ လစာနဲ့ အမှန်တကယ်ရတဲ့ လစာက မကိုက်နေဘူး။ ဒီငွေက ကျေးရွာရန်ပုံငွေနဲ့ မသက်ဆိုင်ဘူး။ MNEC ကနေ ပေးနေတဲ့ အပိုထောက်ပံ့ကြေးတွေပါ" ဟု ၎င်းက ပြောသည်။

အခြား ဆရာမတစ်ဦးကလည်း ရပ်နားထားသည့် အပိုထောက်ပံ့ကြေး ၄၅,၀၀၀ ကျပ် ကို Pay Slip တွင် ဆက်လက်ဖော်ပြထားခြင်းကြောင့် မွန်အမျိုးသားပညာကော်မတီ MNEC နှင့် မွန်ဆရာ၊ ဆရာမများအကြား နားလည်မှုလွဲမှားစေနိုင်ပြီး အမှန်တကယ်လက်ခံရရှိသည့် ပမာဏအတိုင်း ပြင်ဆင်ပေးသင့်ကြောင်း ပြောသည်။

“ဇွန်လ လစာထုတ်တုန်းက Pay Slip ထဲမှာ အပိုထောက်ပံ့ကြေး ၄၅,၀၀၀ ကျပ်ကို ရေးထားတယ်။ ဒါပေမဲ့ အဲဒီငွေကို ဆရာ၊ ဆရာမတွေ မရပါဘူး။ တချို့ဆရာ၊ ဆရာမတွေက Pay Slip ကို သေချာကြည့်မိလို့ လက်မှတ်မထိုးသေးဘဲ မေးမြန်းဆွေးနွေးဖို့ စောင့်နေကြတယ်။ တချို့ကတော့ သတိမထားမိဘဲ လက်မှတ်ထိုးပြီး လစာထုတ်သွားတာတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မွန်ကျောင်းဆရာ၊ ဆရာမများက MNEC မြို့နယ်အဆင့် တာဝန်ရှိသူများထံ မေးမြန်းသော်လည်း အထက်အဆင့် တာဝန်ရှိသူများထံ ဆက်လက်မေးမြန်းရန်သာ ညွှန်ကြားခံရကြောင်း ပြောဆိုသည်။

ထို့ကြောင့် MNEC အနေဖြင့် ဆရာ၊ ဆရာမများ၏ လစာပေးချေမှုလုပ်ငန်းစဉ်တွင် ပွင့်လင်းမြင်သာမှုရှိစေရေး၊ Pay Slip တွင် ဖော်ပြထားသည့် ပမာဏနှင့် အမှန်တကယ်ပေးချေသည့် ပမာဏ ကိုက်ညီစေရေး၊ လစာပြောင်းလဲမှု သို့မဟုတ် နုတ်ယူမှုများရှိပါက အကြောင်းရင်းနှင့် တွက်ချက်ပုံကို အသေးစိတ်ရှင်းလင်းပေးရန် လိုအပ်ကြောင်း ဆရာ၊ ဆရာမများက တိုက်တွန်းထားသည်။

ယခုပညာသင်နှစ်တွင် MNEC မှ လစာအကျိုးခံစားခွင့်များ ထပ်မံလျော့ချထားသဖြင့် ကျောင်းဆရာ၊ ဆရာမများ၏ မိဘအချို့ အလုပ်မှ ရပ်နားရန် ဖိအားပေးခြင်းများ ရှိလာကြောင်းလည်း မွန်ပညာရေးအသိုင်းအဝိုင်းများမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts