Homeဆောင်းပါးစစ်အာဏာရှင်စနစ်ရှိသရွေ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ဟု ပြော

စစ်အာဏာရှင်စနစ်ရှိသရွေ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ဟု ပြော

-

အရပ်သားအစိုးရထံမှ မတရားအာဏာသိမ်းယူခဲ့သည့် စစ်အစိုးရသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်း၍ တိုင်းပြည်အာဏာကို ဆက်လက်ဆုတ်ကိုင်ထားသည်။

ဦးမင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်းအစုအဖွဲ့သည် လာမည့် ၅ နှစ်အတွင်း တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး နှင့် ဖွံ့ဖြိုးရေးကိစ္စအဝဝ တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်မည်ဟု မကြာခဏ ပြောကြားနေသည်။

အရပ်သားများကို နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်တပ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်မည်ဟု ပြောဆိုမှုမှာ ပြည်သူလူအတွက် မဟုတ်ဘဲ ၎င်းတို့ မိသားစုများအတွက် ပြောခြင်းဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မိသုတကျော်က ပြောသည်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် အခမ်းအအနားတစ်ခုသို့ တက်ရောက်ခဲ့စဉ် (ဓာတ်ပုံ- AFP)

“ပြည်သူတွေ ငတ်ပြတ်နေတာ နေ့တဓူဝ၊ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြေးလွှားရုန်းကန်ကြရတယ်။ အိုးအိမ်တွေ စွန့်ခွာပြီးမှ အစာရေစာ ငတ်ပြတ်ကြရတာတွေ၊ အိုးအိမ်တွေလည်း တနေ့ထက်တနေ့ ပျက်စီးပြာကျ ခံနေရတာကို ကြည့်မယ်ဆိုရင်တော့ တိုးတက်အောင်လုပ်မယ်၊ ပြောင်းလဲအောင် လုပ်မယ်ဆိုတဲ့ စကားက သူ့ရဲ့ မိသားစု၊ သူ့ရဲ့ သားသမီး စီးပွားရေး၊ ဦးမင်းအောင်လှိုင်ရဲ့ မိသားစုကိုပဲ ဖြစ်တယ်လို့ တိုင်းပြည်မဟုတ်ဘူး။ ပြည်သူမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံး ပြည်သူပြည်သားများ မဟုတ်ဘူးဆိုတာကတော့ သိသာထင်ခြားသော သက်သေသာဓကများနဲ့ ရှိနေကြတာ ဖြစ်တာပေါ့နော်” ဟု ပြောသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မတရားဖမ်းဆီးမှုများကြောင့် ပြည်သူလူထုတို့သည် ဘေးဒုက္ခအမျိုးမျိုးဖြင့် ကြုံတွေ့နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စတင်ချိန်မှ ယခု ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်အထိ စစ်တပ်၏ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများ နှင့် ပြည်သူစုစုပေါင်းမှာ ၈၁၄၈ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဖြစ်ရပ်များနှင့် ဆက်စပ်၍ စစ်တပ်၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၁၃၁၅ ဦး အဆိုပါ ဖမ်းဆီးခံရခြင်းမှ ထိန်းသိမ်းခံနေရဆဲ ၁၄၄၀၁ ဦး ရှိနေသည်ဟု AAPP က ဆိုသည်။

ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်သည့် မြန်မာပြည်တွင် စစ်တပ်၏ အာဏာသိမ်းမှုကြောင့် တိုင်းပြည်မှာ အဘက်ဘက်က ဆုတ်ယုတ်ခဲ့ရကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

“ကျနော်တို့ နိုင်ငံက ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို သွားနေတာလေ၊ အဲဒါကို အာဏာရူး မအလ ကနေပြီးတော့ သူ့အာဏာရူးမှုကြောင့် လူတစ်ယောက်ရဲ့ ဖောက်ပြန်မှုကြောင့် ဒီမိုကရေစီ နောက်လှန်ကျသွားတဲ့ဟာဖြစ်တယ်။ ဒီအာဏာရူးတွေနဲ့ သွားနေသရွေ့ကို ကျနော်တို့ နိုင်ငံရဲ့ ဖွံ့ဖြိုးမှု၊ တိုးတက်မှု နိုင်ငံရေးအရ ရှေ့ကို ရောက်မှုတွေဟာလည်း ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ဘူး” ဟု ပြောသည်။

တော်လှန်ရေး အင်အားစုများနှင့် စစ်တပ်အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်တပ်တွင် တပ်အင်အားပြုန်းတီးမှု၊ နယ်မြေဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ကြရပြီးနောက် စစ်မှုထမ်းဥပဒေကို မတရားပြဌာန်း၍ တပ်သားသစ်များ စုဆောင်းခဲ့သည်။

အဆိုပါ လုပ်ရပ်ကြောင့် လူငယ်အများအပြား နီးစပ်ရာ အိမ်နီးချင်းနိုင်ငံများထံ သွားရောက်တိမ်းရှောင်မှုများ ဖြစ်ပေါ်နေပြီး တိုင်းပြည်တွင် လူငယ်အရင်းအမြစ်ရှားပါးမှုဖြင့် ကြုံတွေ့နေရသည်ဟု သိရသည်။

လက်ရှိတွင်လည်း စစ်တပ်သည် နေ့စဉ်ရက်ဆက် အကြမ်းမှုများ ကျူးလွန်လျက်ရှိပြီး အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ မီးရှို့ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများအပြင် ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကိုလည်း ဆိုးရွားစွာ ကျူးလွန်လျက်ရှိသည်ဟု ဒီမိုကရေစီအင်အားစုများက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts