Homeသတင်းစံခလပူရီနယ်စပ်တစ်ဝိုက် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများ ဆက်တိုက်ဖမ်းမိ

စံခလပူရီနယ်စပ်တစ်ဝိုက် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများ ဆက်တိုက်ဖမ်းမိ

-

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီနယ်စပ်မှတစ်ဆင့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများ ဆက်တိုက်ဖမ်းဆီးခံနေရပြီး တစ်ပတ် (ဇွန် ၂၇ မှ ဇူလိုင် ၄) အတွင်း ဖမ်းဆီးခံထားရသူ ၃၇ ဦးအထိ ရှိကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများကို ကန်ချနဘူရီ ရဲတပ်ဖွဲ့မှူးရုံး၊ စံခလဘူရီ ရဲစခန်းတာဝန်ရှိသူများ၊ လုံခြုံရေးပူးပေါင်းအဖွဲ့များက ကြိုတင်သတင်းရရှိချက်များအရလည်းကောင်း၊ လုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်၌လည်းကောင်း ဖမ်းဆီးရမိနေသည်။

ဖမ်းဆီးခံရသူအများစုသည် စံခလပူရီနယ်စပ် တောလမ်းအတွင်း ပွဲစားအကူအညီဖြင့် ဝင်ရောက်လာသည့် လူငယ်နှင့် လူလတ်ပိုင်းအရွယ်များ ဖြစ်ကြသည်။

စံခလပူရီတောလမ်းနှင့် စစ်ဆေးရေးဂိတ်များမှ တရားမဝင် နိုင်ငံခြားသားများ မကြာခဏ ဝင်ရောက်နေသဖြင့် ယမန်နေ့ ဇွန် ၂၉ ရက်နေ့မှစ၍ ဘုရားသုံးဆူ နယ်စပ်ရှိ နှစ်ဖက်နားလည်မှုအရ သွားလာနေသည့် ထွက်ပေါက်နေရာများကို လိုက်လံပိတ်ဆို့နေသည့်အပြင် လုံခြုံရေးလည်း တိုးမြှင့်ထားသည်။

တစ်ပတ်အတွင်း ဖမ်းဆီးရမိသူ ၃၇ ဦးလုံးကို ထိုင်း လူဝင်ကြီးကြပ်မှု ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် စံခလပူရီမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံကာ ဆက်လက်အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

စံခလပူရီနယ်စပ်နှင့် နီးသည့် ဘုရားဆုံးဆူမြို့ပေါ်သို့ မြန်မာရွှေ့ပြောင်းလုပ်သားများ ယခုမိုးတွင်းကာလတွင်လည်း နေ့စဉ်ဝင်ရောက်လာနေပြီး ထိုင်ငံအတွင်း မဝင်ရောက်မီ ပွဲစားနေအိမ်များတွင် နေထိုင်နေကြရသည်၊

စံခလပူရီ နယ်စပ်တစ်ဝိုက်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများအပြင် စာရွက်စာတမ်း အထောက်အထား သက်တမ်းကုန်နေသည့် တရုတ်နိုင်ငံသားများကိုလည်း ဖမ်းဆီးရမိနေသည်၊

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရထားသည့် မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံသို့ ချက်ချင်းနေရပ်ပြန်ပို့နိုင်ရန် ထိုင်းအစိုးရက လက်ရှိကျင့်သုံးနေသော လူဝင်မှုကြီးကြပ်ရေးဥပဒေကို ပြင်ဆင်ရန်ရှိကြောင်း ထိုင်းသတင်းဌာန ဖော်ပြချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts